စစ်ရေးအခြေအနေတင်းမာနေတဲ့ ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်းရေလမ်း သယ်ယူပို့ဆောင်ရေး ပြုလုပ်နေကြတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ရက္ခိုင်ပြည်သူ့အစိုးရရဲ့ ဒေသဆိုင်ရာ နိုင်ငံရေးရုံး အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးတွေမှာ သတင်းပို့ပြီး သွားလာကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဒီနေ့ စက်တင်ဘာ ၁၄ ရက်မှာ အရေးပေါ် အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
မောင်တောဒေသခံ ကားသမားတယောက်က “အေအေဘက်က ဒီလိုထုတ်ပြန်လိုက်တာ ကောင်းပါတယ်။ အခုလို လမ်းတွေပိတ်ထားတာကို အခွင့်ကောင်းယူပြီး လုပ်စားနေကြသူတွေ အများကြီးပါ။ နယ်စပ်ကိုရောက်ဖို့ စစ်ကောင်စီ ရိက္ခာတွေမတင်ရင် ကားတွေသွားခွင့်မရဘူး။ သူတို့ရိက္ခာတွေတင်မှ စစ်ဆေးရေးဂိတ်တွေက သွားခွင့်ပြုတာ။ အခုလို အေအေက ထုတ်ပြန်လိုက်တော့ ယာဉ်သမားတွေ သတိထားနိုင်တာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်အနှံ့ သူတို့ရဲ့ တပ်စခန်းတွေကို စစ်အင်အား၊ လက်နက်ခဲယမ်းတွေ စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ် အပါအဝင် အရပ်ဘက်သုံး ခရီးသည်တင်လေယာဉ်၊ ကား၊ မော်တော်ဘုတ်၊ အမြန်ရေယာဉ်တွေနဲ့ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေကို အသုံးပြုပြီး အင်အားဖြည့်တင်းနေတွေကို အခုရက်သတ္တပတ်အတွင်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒါကြောင့် ရက္ခိုင့်တပ်တော်အနေနဲ့ သူတို့သွားလာနေကြတဲ့ လမ်းကြောင်းတွေမှာ ပြေးဆွဲနေကြတဲ့ ကုန်းလမ်း၊ ရေလမ်း ယာဉ်တွေအားလုံးကို စစ်ရေးအခြေအနေ လိုအပ်ချက်အရ ရပ်တန့်ခိုင်းပြီး စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မောင်တောမြောက်ပိုင်းဒေသခံတယောက်က “မောင်တောမြောက်ပိုင်းကို အရပ်ဘက်ကားတွေက စစ်ကောင်စီတပ်တွေအတွက် ရိက္ခာတင်ပေးရတယ်။ နောက်ပြီး MPT တာဝါတိုင်တွေက စက်တွေကို ဆီသွားဖြည့်တဲ့ ကားတွေမှာပါ စစ်တပ်အတွက် ရိက္ခာတင်ပေးကြတော့ အေအေက ဖမ်းပြီး ရိက္ခာတွေသိမ်းလိုက်တာရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက အေအေက သိမ်းပိုက်ခဲ့တဲ့ ရက္ခိုင်-ဘင်္ဂလား နယ်စပ်အနီး မိုင်တိုင်အမှတ် ၄၀ စခန်းနဲ့ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းတွေအပြင် ပလက်ဝဒေသ အပါအဝင် တခြားနေရာတချို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ရခိုင်နဲ့ ပလက်ဝဒေသအတွင်း စစ်ရေးတင်းမာပြီး တိုက်ပွဲပြင်းထန်လာတာနဲ့အတူ နောက်ထပ် တိုက်ပွဲတွေ နေရာအနှံ့ ကြီးကြီးမားမား ဖြစ်ပေါ် လာနိုင်တာကြောင့် အခုလို ကုန်းလမ်းရေလမ်း ခရီးသွားလာမှုတွေကို ကန့်သတ်စစ်ဆေးရတာလို့ ဖော်ပြထားပါတယ်။
ကုန်းလမ်းရေလမ်း သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ရက္ခိုင်ပြည်သူ့အစိုးရရဲ့ ဒေသဆိုင်ရာ နိုင်ငံရေးရုံး အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးတွေမှာ သတင်းပို့ပြီး သွားလာကြဖို့၊ စစ်ဆေးမှုတွေကို ကြည်ကြည်ဖြူဖြူခံယူကြဖို့၊ သတင်းမပို့ဘဲ သွားလာတာမပြုလုပ်ကြဖို့၊ သတင်းမပို့ဘဲ သွားလာလို့ တစုံတရာ ပြဿနာ ဖြစ်ပေါ်ရင် သွားလာကြသူတွေရဲ့ တာဝန်သာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။