မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေးတံခါးပေါက်ရဲ့ အဓိကကုန်သွယ်ရာဇုန် တခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က အေးဂျင့်တချို့ကို လက်နက်ကိုင်တွေကို အခွန်ဆောင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီ ဗျူဟာမှူးက စက်တင်ဘာလ ၁၀ ရက်နေ့က အစည်းအဝေးခေါ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားခံရကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။
“၂၃ ယောက်ထဲမှာ ၁၉ ယောက် လွတ်လာပြီ။ ၄ ယောက် ထပ်ဖမ်းထားသေးတယ်။ ၁ ယောက်က ၁၀၅ မိုင်က။ ၃ ယောက်က မူဆယ်က” လို့ အမည်မဖော်လိုသူ ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
တရုတ် မုန့်စားပွဲနေ့မို့လို့ လုပ်ငန်းရှင်အများစုက နယ်စပ် အဝင်အထွက်ကို နားကြပေမယ့် ၁၀၅ မိုင်နဲ့ ကျင်းစန်းကျော့လမ်းနဲ့ပတ်သက်ပြီး အစည်းအဝေးလို့ခေါ်ပြီး ပေးမပြန်တာလို့ ကုန်သွယ်ရေးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“အယောက် ၂၀ ကျော် ခေါ်သွားတယ်။ လက်နက်ကိုင်အဖွဲ့တွေကို အခွန်ဆောင်လို့ ဆိုပြီးတော့။ အခွန်မဆောင်တော့လည်း ဒီကားတွေရဲ့ လုံခြုံရေးကို တာဝန်ယူတာမှ မဟုတ်တာ။ အခွန်ဆောင်တော့လည်း ဆောင်လို့ ဆိုပြီးတော့ အဖမ်းခံရတယ်။ မဆောင်တော့လည်း ဒီလမ်းကြောရဲ့ လုံခြုံရေးကို သူတို့တောင် ကြောက်နေတာ ဘာတာဝန်ယူပေးနိုင်လို့လဲ” လို့ သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကြောင့် ကုန်သွယ်ရေး အကျပ်အတည်း ဖြစ်ရတဲ့အပြင် အရှေ့မြောက်ကုန်သွယ်ရေးလမ်းကြောမှာ တရားဝင်ရော တရားမဝင်ရော အခွန်အခ ကောက်ခံမှုတွေ ပိုမိုများပြားလာပြီး ကောက်ခံမှုနှုန်းထားလည်း မြင့်မားလာတာကြောင့် ပိုမိုခက်ခဲလာပြီး ကုန်သည် လုပ်ငန်းရှင် ထက်ဝက်ကျော်ခန့် လုပ်ငန်းပါ ရပ်နားထားလာရတယ်လို့ ဆိုပါတယ်။