ဘိလပ်မြေဈေးတွေ အဆမတန် မြင့်တက်လာတာနဲ့အမျှ ဘိလပ်မြေနဲ့ ထုတ်လုပ်တဲ့ တနိုင်တပိုင် လုပ်ငန်းတွေ တွက်ခြေမကိုက်ကြလို့ လုပ်ငန်းပါ ရပ်နားရတယ်လို့ မွန်ပြည်နယ် ရေးမြို့နယ်ထဲက လုပ်ကိုင်သူတွေက ဆိုပါတယ်။
“ဘိလပ်မြေ ဈေးက ကျပ် ၆၀၀၀ ကနေ စတင်ပြီး အခု ကျပ် ၁၀၀၀၀ ကျော်ကနေ ကျပ် ၂ဝဝဝဝ နီးပါးအထိ ဈေးတွေ ဖြစ်တော့ ကျန်တဲ့ လုပ်အားခတွေ စက်သုံးဆီဈေးတွေ အဆမတန် ဈေးတက်သွားတော့ ဘိလပ်မြေနဲ့ ထုတ်လုပ်ရတဲ့ ကွန်ကရစ်တိုင်၊ ဘိလပ်မြေအုတ်၊ ခွေ စတာတွေ မထုတ်လုပ်နိုင်တော့ဘူး၊ အဆင်မပြေတော့ လုပ်ငန်းပါ ရပ်နားထားရတယ်” လို့ ထုတ်လုပ်သူတဦး က ပြောပါတယ်။
အလုပ်သမားတဦးက “အလုပ်တွေ ရပ်နားထားရတော့ အလုပ်ရှင်ဘက်ကလည်း တွက်ခြေမကိုက်၊ ဝယ်ယူမယ့်သူကလည်း မ၀ယ်နိုင်ကြဘူး။ လုပ်ငန်းနားရတော့ ဒီအလုပ်ကို မှီခိုနေတဲ့ နေ့စားလုပ်သမားတွေ အခုလို ကုန်စျေးနှုန်းကြီးနေတဲ့ အချိန်မှာ အလုပ်ကမရှိ ဝင်ငွေမရှိတော့ မိသားစုဝမ်းရေးအတွက်တော့ ဒီကာလမှာ ပိုမိုခက်ခဲတယ်” လို့ ပြောပါတယ်။
ဘိလပ်မြေ အုတ်၊ ကွန်ကရစ်ခွေတွေကို လမ်းတံတား အဆောက်အအုံ၊ အိမ် စတဲ့ နေရာတွေမှာ သုံးစွဲနေကြပါတယ်။
မွန်ပြည်နယ်အတွင်းမှာ ဘိလပ်မြေနဲ့ ဆက်စပ်တဲ့ တပိုင်တနိုင် လုပ်ငန်းတွေ ရာနှုန်းပြည့်နီးပါးလောက် ရပ်နားထားရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။
စစ်တပ် အာဏာသိမ်းပြီး ၁ နှစ်ခွဲကျော်ကာလအတွင်းမှာ အိမ်ဆောက်ပစ္စည်းဈေး ၃ ဆ နီးပါးလောက် မြင့်တက်သွားခဲ့တာကြောင့် လမ်း တံတား စီမံကိန်း ရာနှုန်းပြည့် ရပ်နားထားရသ လို နေအိမ်ဆောက်လုပ်သူလည်း မရှိလောက် ဖြစ်နေတာပါ၊