တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်တဲ့ လူငယ် နှစ်ယောက်ကို စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သပိတ်ကော်မတီထံက သိရပါတယ်။
ထားဝယ်လူငယ်တွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင် အသက် ၁၈ နှစ်အရွယ် ကိုအောင်ကိုလွင်နဲ့ အသက် ၂၁ နှစ်အရွယ် ကိုဟိန်းဇေအောင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တာပါ။
သပိတ်ကော်မတီဝင်တယောက်က “ကိုအောင်ကိုလွင်က လမ်းမှာ အစစ်ဆေးခံရပြီး အဖမ်းခံလိုက်ရတာပါ။ ဒီနေ့မနက်မှ ကိုဟိန်းဇေအောင်ကို ပုံကျွန်းရပ်ကွက်ကအိမ်မှာပဲ ဒီအတိုင်းပဲ လာခေါ်သွားတယ်။ ဖုန်း ၃ လုံးနဲ့ သပိတ်ပစ္စည်းတချို့ပါသွားတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အဖမ်းဆီးတွေကြောင့် သပိတ်မှောက် ရဲဘော်တွေအနေနဲ့ နေထိုင်ဖို့နဲ့ လုံခြုံရေးကိစ္စတွေမှာ အခက်ခဲတွေရှိနေတယ်လို့လည်း သပိတ်ကော်မတီဝင်ကပြောပါတယ်။
ထားဝယ်လူငယ်တော်လှန်ရေးလှုပ်ရှားမှုသပိတ်ကော်မတီဟာ မဟာမိတ်ဖြစ်တဲ့ တပ်ပေါင်းစု သပိတ်ကော်မတီ (ထားဝယ်)နဲ့ ပူးပေါင်းပြီး ထားဝယ်မြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတခု ဖြစ်ပါတယ်။
ထားဝယ်မြို့ပေါ် ရပ်ကွက်တချို့မှာ အခုရက်ညပိုင်းတွေမှာ ရှောင်တခင်ဝင်စစ်တာနဲ့ အမည်အတိအကျနဲ့ လာရောက်ဖမ်းဆီးတာတွေအပြင် လမ်းမှာတားဆီးစစ်ဆေးရင်း လူမသိ သူမသိ အဖမ်းခံလိုက်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။