Home
မြန်မာသတင်း
ထောင်တွင်းတိုက်ပွဲဟူသမျှ ထောက်ခံဝန်းရံကြောင်း ဗကသများအဖွဲ့ချုပ်ထုတ်ပြန်
DVB
·
September 9, 2022
Screenshot 2022-09-09 204442

လူထုလူတန်းစား အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံရေးအင်အားစုအားလုံးနှင့်အတူ လက်ရှိ တရားစီရင်ရေးစနစ်ကို သပိတ်မှောက်နေတဲ့ ထောင်တွင်း တိုက်ပွဲဟူသမျှကို ဗကသများအဖွဲ့ချုပ်က အင်တိုက်အားတိုက်ထောက်ခံဝန်းရံကြောင်း ထုတ်ပြန်ပါတယ်။

ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးစနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အိုးဘိုထောင်တွင်းတိုက်ပွဲအပေါ် ဗကသများအဖွဲ့ချုပ်က စက်တင်ဘာ ၉ ရက်က အစီရင်ခံစာတခု ထုတ်ပြန်ခဲ့တာပါ။

အိုးဘိုထောင်တွင်းတိုက်ပွဲဟာ ဇူလိုင် ၂၄ ရက်နေ့က သေဒဏ်ပေးခံလိုက်ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့လေးဦးအတွက် ဇူလိုင် ၂၉ ရက်က အိုးဘိုထောင်တွင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အသံတိတ်လှုပ်ရှားမှုပြုလုပ်ရာမှ တဆင့်မြင့်သော နိုင်ငံရေးတိုက်ပွဲအဖြစ် ထွက်ပေါ်လာတာလို့ အစီရင်ခံစာမှာ ဆိုပါတယ်။

အခုအခါ တိုက်ပွဲဝင် နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်တွင်းမှာ ဖိနှိပ်မှုမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်နေရပြီး အရိုက်အနှက်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာတွေရတာ၊ ခြေကျင်းခတ်ကာ တိုက်ပိတ်ခံရတာ၊ ထောင်ဝင်စာအပိတ်ခံရတာနဲ့ ထပ်တိုးအမှုတွေ ချမှတ်တာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးစနစ်ကို အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများက ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သပိတ်မှောက်ခဲ့ကြပြီး ထောင်အာဏာပိုင်တွေက အတင်းအကြပ်ရုံးထုတ်တာ၊ Video Conferencing နဲ့ ရုံးထုတ်တာ၊ မျက်ကွယ်ပြစ်ဒဏ်ချမှတ်တာတွေလည်း လုပ်ဆောင်ကြတယ်လို့ သိရပါတယ်။

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရန်စိုးပိုင်အပါအဝင် ဗကသရဲဘော်များ ဖြစ်ကြတဲ့ ကိုနောင်ထက်အောင်၊ ကိုအောင်နိုင်သူနဲ့ BEGSC မှ ဆရာနိုင်းသီဟကျော်နဲ့ မသက်ဆုလှိုင်တို့ဟာလည်း မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံရသူတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် အတင်းအကြပ်ဖိအားပေးမှုကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ထောင်တွင်းအကြမ်းဖက်မှုကို နှလုံးရည်သက်သက်နဲ့ ရင်ဆိုင် အံတုနေသော နိုင်ငံရေးအကျဉ်းသားများရဲ့ တရားသောတိုက်ပွဲကို ထောက်ခံဝန်းရံသွားကြဖို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024