စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဓားပြတိုက် လုယက်နေတဲ့အဖွဲ့က အဖွဲ့ဝင်တယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တမူး PDF တပ်ရင်း-၁ က စက်တင်ဘာ ၇ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူမှာ တမူးမြို့ရှိ နန်းဖာလုံရပ်ကွက်နဲ့ တမူး-အောင်ဇေယျကားလမ်းမှာ သွားလာနေတဲ့ ပြည်သူတွေကို ဓားပြတိုက်နေတဲ့ ဓားပြဂိုဏ်းအဖွဲ့ဝင်တယောက် ဖြစ်တယ်လို့ တမူး PDF အဖွဲ့က ဆိုပါတယ်။
တမူး PDF အဖွဲ့ တာဝန်ရှိသူတယောက်က “စက်တင်ဘာ ၇ ရက်နေ့က ဖမ်းဆီးရမိတာဖြစ်ပြီး ကျန်တဲ့ ကွင်းဆက်တရားခံတွေကို သိထားပါပြီ။ ကျန်တဲ့တရားခံတွေကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ အချိန်နဲ့တပြေးညီ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကလည်း လုံခြုံရေးဆောင်ရွက်နေတဲ့ မြို့ခံ ဂေါ်ရခါးလူငယ်တွေက ဓားပြလာတိုက်တဲ့ ၇ ယောက်အဖွဲ့မှ ၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ၂ ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။