မနုမနောလူမျိုးစုတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ ဒီးကူပွဲကို စက်တင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေ့မှာ ကရင်နီ(ကယား) ပြည်နယ် တနေရာမှာ ကျင်းပပါတယ်။
ဒီပွဲကိုတက်ရောက်လာတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေက ရိုးရာဝတ်စုံပြိုင်ပွဲ၊ ရိုးရာအကပြိုင်ပွဲနဲ့ ဘော်လီဘောပြိုင်ပွဲတွေမှာ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ ဒီပွဲမှာ လူမျိုးစုအကြီးအကဲတွေကတော့ မနုမနောလူမျိုးစုတွေရဲ့ သမိုင်းကြောင်းနဲ့ ဒီးကူပွဲဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
မနုမနောလူမျိုးစုတွေဟာ ကရင်နီပြည် ဘောလခဲဒေသတစ်ဝိုက်မှာ အခြေချနေထိုင်ကြတဲ့ လူမျိုးစုတစ်ခု ဖြစ်ပါတယ်။
BC ၇၃၉ မှာ ယွန်းလူမျိုးတွေက ငွေတောင်ပြည်ကို ကျူးကျော်တိုက်ခိုက်ခဲ့စဉ် ဒေသခံလူမျိုးစုတွေက ကျူးကျော်လာတဲ့ ယွန်းစစ်သည်တွေကို ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ ဒီးကူ ခေါ် ကောက်ညှင်းထုပ်ကို ရိက္ခာအဖြစ်အသုံးပြုခဲ့ကြပါတယ်။
ယွန်းစစ်သည်တွေက ကောက်ညှင်းကို ကြာရှည်ခံနိုင်အောင် ခေါပုပ်သဖွယ်ပြုပြီး ခမောက်အောက်မှာ ဆောင်းထားကြရာ စစ်မြေပြင်မှာ နေ့ရောညပါ စစ်တိုက်ရာမှာ ရိက္ခာအခက်အခဲမရှိ စစ်တိုက်နိုင်ခဲ့ကြတာပါ။
အလားတူ ကရင်နီတိုင်းရင်းသားတွေကလည်း ဒီးကူခေါ် ကိုင်းပင်တစ်မျိုးနဲ့ ကောက်ညှင်းဆန်ကို ထုပ်ပြီး ဒီးကူကောက်ညှင်းထုပ်ပြုလုပ်ခဲ့ကြရာ ၇ ရက်အထိ အထားခံခဲ့ပြီး စစ်ပွဲအောင်နိုင်ခဲ့ပါတယ်။
ယွန်းလူမျိုးတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေထဲမှာ ကျွန်ဘဝကနေ လွတ်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ဒီးကူပွဲခေါ် ကောက်ညှင်းထုပ်ပွဲကို နှစ်စဉ် ကျေးရွာတိုင်းက ကြက်ရိုးထိုးပြီး ပွဲကျင်းပဖို့ရက်တွေ သတ်မှတ်ကျင်းပလာခဲ့ကြပါတယ်။
Photo - MPA