Home
မြန်မာသတင်း
မြန်မာတွင် တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၉၅ ဦး ထပ်တွေ့၊ ၁ ဦးထပ်မံသေဆုံး
DVB
·
September 6, 2022
552338-518255-COVID-19-Pathein-2-1-730x365-1-730x365

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၅ ယောက် ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရပြီး အဲဒီထဲက ၉၄ ဒသမ ၇ ရာခိုင်နှုန်းက ပြည်တွင်း ကူးစက်ဖြစ်ပွားသူတွေ ဖြစ်တယ်လို့ ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၈၈၄ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၉၅ ယောက် တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၂၀ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ၁ ယောက်ထပ်မံသေဆုံးခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၄၁ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၁၅,၆၅၄ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၃,၈၁၆ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့   ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားသတင်းထုတ်ထားပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီး တယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက်တွေကို နေ့စဉ်ထုတ်ပြန်နေတာကို တွေ့ရပြီး ခုရက်ပိုင်းမှာတော့ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်း လောက်တောင် မရှိတော့ဘဲ သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024