မြန်မာနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံဆီ မှောင်ခိုတင်သွင်းလာတဲ့ ခရစ္စတယ် မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါး ၄၄ ကီလိုဂရမ်ကို အနောက်ဂျကာတာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
“ဒါဟာ မလေးရှားကတဆင့် (အင်ဒိုနီးရှားစီးပွားရေးမြို့တမြို့ဖြစ်တဲ့) ပီကန်ဘာရူထဲကို မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့ မြန်မာကနေ စိတ်ကြွမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ကွန်ရက်တခုဖြစ်ပြီး နောက်ပိုင်းမှာ မူးယစ်ဆေးဝါးတွေကို ဂျကာတာကို ပို့လိုက်တာ။” လို့ အနောက်ဂျကာတာ ရဲတပ်ဖွဲ့ ရဲချုပ် ပါစ်မာ ရွိုက်စ်က ပြောပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူ့သတင်းပေးချက်တခုရရှိခဲ့ပြီးနောက်မှာ အသွင်ယူဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး လက်ဖက်ရည်ထုတ်တွေနဲ့ ထုတ်ပိုးထားတဲ့ မက်သဖက်တမင်းမူးယစ်ဆေးဝါး အလေးချိန် ၄၄,၀၇၄ ဂရမ် (၄၄ ကီလိုဂရမ်)ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံကဖြစ်ပြီး မလေးရှားနိုင်ငံကိုလည်း ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံ ပီကန်ဘာရူဒေသက ဆိပ်ကမ်းငယ်တခုကို မှောင်ခိုတင်သွင်းခဲ့ တယ်လို့ သယ်ယူပို့ဆောင်ရေး လုပ်ငန်း AM က ရဲတပ်ဖွဲ့ကို ပြောပါတယ်။
“ပီကန်ဘာရူကနေ မက်သာဖက်တမင်းမူးယစ်ဆေးဝါးတွေကို ဂျကာတာမြို့ဆီ မနက်ပိုင်းမှာ ပို့ပေးဖို့ လုပ်ထားတာပါ။”
အဆိုပါ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအနေနဲ့ ပီကန်ဘာရူကနေ ဂျကာတာကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်မှုအတွက် ရူပီးငွေ ၁၀ သန်း ရရှိခဲ့တယ်လို့သိရပြီး လတ်တလောမှာတော့ ရဲတပ်ဖွဲ့က ဒီမူးယစ်ဆေးဝါးတွေကို ဂျကာတာမှာ လက်ခံမယ့်သူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။