ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရက်ပ်သီချင်း သီဆိုပြီး လူမှုကွန်ရက်ပေါ် ဟာသတင်ကာ လူကြိုက်များတဲ့ ဆယ်လီ လူငယ်နဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြောက်ဦးမြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီခံလိုက်ရသူမှာ မကြာသေးမီ လပိုင်းက Exodus "အိပ်ဇိုးဒပ်" အမည်ရှိ ရက်ပ်သီချင်း တပုဒ်ကို ထုတ်ဝေထားသူဖြစ်တဲ့ မြောက်ဦးတောင်ရပ်ကွက်က ကိုကျော်ဇံဝေ(ခ) ရင်ဆို့နဲ့ သူရဲ့ ဇနီးဖြစ်သူ မအိကေခိုင်ကို စက်တင်ဘာ ၄ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာလို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။
"ရင်ဆို့(ခ) ကိုကျော်ဇံဝေကို နံနက် ၇ နာရီကျော်လောက်မှာ သူအိမ်ကို ဝိုင်းပြီးတော့ စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးသွားကြတာဖြစ်တယ်။ ၈ နာရီကျော်လောက်မှာတော့ သူရဲ့ ဇနီးကိုလည်း ခေါ်သွားကြတယ်လို့ သိရတယ်။ " လို့ ပြောပါတယ်။
အခုဖမ်းဆီးခံလိုက်ရတဲ့ ကိုကျော်ဇံဝေ(ခ) ရင်ဆို့ဟာ ရခိုင်ဘာသာ စကားနဲ့ Exodus(အိပ်ဇိုးဒပ်) ကို ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေအား သီချင်းရေးစပ်ပြီး သီဆိုထားတာ ဖြစ်ပြီး လူကြိုက်များတဲ့ သီချင်းတပုဒ်လည်း ဖြစ်ခဲ့ပါတယ်။
ဒ့ါအပြင် မြောက်ဦးမြို့မှာ စက်တင်ဘာ ၃ ရက် ည ၁ နာရီနီးပါးလောက်မှာ ခမရ ၃၇၇နဲ့ ခမရ ၃၇၈ တို့အပါဝင် တပ်မ ၅၅ လက်အောက်ခံ စစ်သားတွေက သေနတ်ပစ်ခတ်မှုတွေရှိခဲ့ပြီး စက်တင်ဘာ ၄ ရက်ကလည်း မြို့အနှံ့ စစ်သားတွေ ပြည့်နှက်နေပြီးတော့ စျေးတွေ၊ ကျောင်းတွေနဲ့ ကုန်းကြောင်း၊ ရေကြောင်းလမ်းတွေ အားလုံးကို ပိတ်ထားခဲ့ရတယ်လို့ မြောက်ဦးမြို့ခံ တဦးက ပြောပါတယ်။
"မနေ့ညက ၁၂ နာရီ ၅၅ မိနစ်လောက်မှာ မြို့မ စျေးနားကနေ မြို့အနှံ့ ကားနဲ့ပတ်ပြီးတော့ စက်သေနတ်တွေရော၊ ရိုးရိုးသေနတ်တွေနဲ့ပါ တနာရီလောက် ပစ်တယ်။ ခမရ ၅၄၀ ဘက်ကလည်း လက်နက်ကြီး ၁၅ ချက်လောက် ပစ်တယ်။ အခု မနက်ပိုင်း မြို့မစျေးအနီးမှာရော နန်းရာကုန်းမှာပါ စစ်သားတွေ အများကြီးးချထားတယ်။ မြို့ဘောလုံးကွင်းမှာလည်း စစ်ကား ၂ စီးနဲ့ အင်အားတွေ ချထားတယ်။ ဒီနေ့တော့ စျေးတွေ၊ ကျောင်းတွေကို ပိတ်ထားရပြီးတော့ လမ်းခွဆုံတွေမှာ ညနေ ၅ နာရီလောက်အထိ စစ်ဆေးခဲ့တယ်" လို့ ပြောပါတယ်။
မြောက်ဦးရှေးဟောင်နယ်မြေမှာ ကမ္ဘာရှေ့ဟောင်းအမွေအနှစ်(ယူနက်စကို) စာရင်းဝင်ဖို့ ကြိုးပမ်းနေတဲ့ ရှေးဟောင်းနယ်မြေ တခုဖြစ်ပြီး စစ်ကောင်စီက အခုလို ပစ်ခတ်နေတာတွေဟာ လူမဆန်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ မြောက်ဦးမြို့မိမြို့ဖတဦးက ပြောပါတယ်။
"မြို့ထဲမှာက ဘာလက်နက်ကိုင်မှလည်း မရှိကြဘူး။ စစ်သားတွေက တမင်ရည်ရွယ်ပြီး လူတွေကို ခြောက်လန့်၊ ရှေးဟောင်းအမွေအနှစ်တွေကို ပျက်စီးအောင်ဖျက်နေကြတာဖြစ်တယ်။ မနေ့က ဆိုရင် နန်းရာကုန်းနားမှာ ပစ်ခတ်ခဲ့ကြတာတွေရှိတယ်။ မြို့တွင်းမှာ ဒီလို ပစ်ခတ်နေတာတွေ ကတော့ တော်တော်လည်းကို လူမဆန်ကြတဲ့ လုပ်ရပ်တွေဖြစ်တယ်။"
စစ်တပ်က ပစ်ခတ်မှုရှိခဲ့ပေမဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရတာ မရှိကြဘူးလို့ မြောက်ဦးမြို့ခံတွေ ကပြောပါတယ်။
မြောက်ဦးမြို့နယ်မှာ သြဂုတ် ၂၈ ရက်က ကင်းဆိပ်ကျေးရွာနဲ့ ထမ္မရောဇ်ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာကြောင့် အသက် ၅ နှစ်အရွယ် ကလေး တဦးနဲ့ အမျိုသား တဦး၊ အမျိုးသမီး တဦး သေဆုံးကာ ရဟန်းသံဃာတချို့အပါအဝင် ဒေသခံ ၉ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား တကျော့ပြန် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းတချို့ အသိမ်းခံခဲ့ရသလို တပ်တချို့ကိုလည်း စခန်းတွေက ဆုတ်ခွာခဲ့ ရတာတွေ ရှိပါတယ်။