မြန်မာနိုင်ငံမှာတော့ စကားပုံတွေ ဆိုရိုးစကားတွေကို ဘဝရှေ့ဆောင် လမ်းညွှန်မှုတခုလို တရားသေဆုပ်ကိုင်တတ်ကြတယ်။ စစ်တပ်လို အဖွဲ့အစည်းတွေမှာတော့ အဲဒီလိုဆောင်ပုဒ်တွေကို တပ်သားတွေကို ဆိုက်ကိုထည့်ဖို့အတွက် လုပ်လေ့ရှိတယ်။ သူတို့အခေါ်ကတော့ ဆိုက်ဝါး (psycho war) လို့ခေါ်ကြတယ်။ မြန်မာလို ‘စိတ်ဓာတ်စစ်ဆင်ရေး’ လို့ သုံးကြတယ်။
ကိုလိုနီကာလတုန်းကတော့ ‘ရဲသော်မသေ သေသော်ငရဲမလား’ ဆိုပြီး ဆိုက်ဝါး ထည့်ပေးခဲ့ကြတယ်။ တော်လှန်ရေးကာလနဲ့ ဖဆပလကာလ မဆလကာလတွေမှာ ‘ပြည်သူသာအမိ ပြည်သူသာအဖ’ ဆိုတဲ့ ဆောင်ပုဒ်ကို တပ်မတော်သားတွေအတွက် အသုံးပြုခဲ့ကြတယ်။ အဲ့လိုနဲ့ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီး ပြီးဆုံးတဲ့ကာလနောက်ပိုင်း ဗိုလ်သန်းရွှေက ဗိုလ်စောမောင်ဆီက အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ‘တပ်မတော်သာအမိ တပ်မတော်သာအဖ’ ဆိုတာကို စစ်သားတွေအတွက် ဆောင်ပုဒ်အဖြစ် ပြောင်းလဲပစ်ခဲ့ပါတော့တယ်။
တကယ်တော့ ဆောင်ပုဒ်အဖြစ်သာ ပြောင်းလဲခဲ့တာမဟုတ်ဘဲ တပ်မတော်ရဲ့ မူဝါဒတခုလုံး ပြောင်းလဲလိုက်တာပါ။ အရင် ‘မဆလ’ အုပ်စိုးစဉ်ကတည်းက ဗိုလ်နေဝင်းက သူ့စစ်သားကိုပဲ ယုံပြီး နိုင်ငံတော်ကို သူ့စစ်သားတွေနဲ့ပဲ အုပ်ချုပ်ခဲ့တာ။ တိုင်းပြည်ကို တဖက်လှည့်ပြီး ဆိုရှယ်လစ်ယောင်ဆောင်ပြီး စစ်အုပ်ချုပ်ရေးကို သကာလူးခဲ့တာ။ အခု ဗိုလ်သန်းရွှေက ဗြောင်ကျကျ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးဖို့ ‘ပြည်သူ’ နေရာမှာ ‘တပ်မတော်’ ထည့်ပြီး ‘တပ်မတော်သာအမိ တပ်မတော်သာအဖ’ လုပ်ကာ ‘ပြည်သူဟာ အမိမဟုတ် အဖမဟုတ်’ ဆိုပြီး စစ်သားမှန်သမျှကို (Brainwash) လုပ်လိုက်တာပဲ။ ဘရိန်းဝပ်ရှ် လုပ်တယ်ဆိုတာ ‘အရင်က အယူအဆဟောင်းကို ချေဖျက်ပြီး သူ့ရဲ့အယူအဆကို ရိုက်သွင်းလိုက်တာပဲ။’
ဒုတိယဆောင်ပုဒ်အဖြစ် ‘ဘေးပြောတာကို တို့မယုံကြည် သွေးပြောတာကို တို့ယုံကြည်’ ဆိုပြီး တပ်မတော်ဆောင်ပုဒ် လုပ်ပြန်တယ်။ သူဆိုချင်တဲ့အဓိပ္ပါယ်က ‘ပြည်သူပြောတာမယုံနဲ့ ကိုယ့်သွေးကိုယ့်သားဖြစ်တဲ့ တပ်မတော်က ပြောတာကိုပဲ ယုံကြည်ကြပါ’ ဆိုတဲ့သဘောပဲ။ အဲ့လိုဆောင်ပုဒ်လုပ်ပြီး ပြည်သူနဲ့ စစ်သားတွေကို ခွဲထုတ်ခဲ့တယ်။ စစ်သားဟာ အုပ်ချုပ်သူ။ ပြည်သူက အုပ်ချုပ်ခံဖြစ်တယ်။ ဒါကြောင့် စစ်တပ်ကိုဆန့်ကျင်ရင် အဲ့ဒီသူဟာ ရန်သူပဲ။ ပြည်သူလူထုက ဆန့်ကျင်လာရင်လည်း အဲ့ဒီပြည်သူဟာ ရန်သူလို့ မြင်လာစေခဲ့တော့တယ်။
အဲဒီမှိုင်းမိခဲ့တဲ့ စစ်သားတွေက ပြည်သူကို မညှာမတာပစ်သတ်တာ သိပ်ဆန်းလှတယ်တော့ မဟုတ်ဘူး။ ဒါကိုပဲ NLD က ရွေးကောက်ပွဲမှာ ‘သွေးပြောတာကို တို့ယုံကြည် အောင်ဆန်းသွေးကို တို့ယုံကြည်’ ဆိုပြီး အောင်နိုင်ရေးအသွင်ကို ပြောင်းဆိုခဲ့ကြသေးတယ်။ တကယ်တော့ အားလုံးဟာ ဝါဒဖြန့်ချိရေးအတွက် သုံးခဲ့ကြတာပါပဲ။ အဲဒီလို ဒီ/ချုပ်ရဲ့ အောင်နိုင်ရေးသီချင်း လုပ်ပြီးတဲ့နောက် စစ်တပ်ရဲ့ ‘ဘေးပြောတာကို မယုံနဲ့ သွေးပြောတာကိုယုံ’ ဆိုတဲ့အသံလည်း ပျောက်သွားတော့တာပါပဲ။ ဆိုလိုတာက အဲ့လိုဆောင်ပုဒ်တွေဟာ ဘဝလမ်းညွှန်တွေပဲဆိုပြီး တရားသေဆုပ်ကိုင်လို့ မရဘူးလို့ ပြောတာဖြစ်တယ်။
လူသတ္တဝါတို့နေထိုင်ရာ လောကကြီးမှာ ဘယ်အရာကိုမှ တရားသေဆုပ်ကိုင်လို့ မရဘူး။ ကာလဒေသ ပြောင်းလဲလာတဲ့ အခြေနေတွေအရ ဆင်ခြင်စဉ်းစားပြီး အခြေအနေနဲ့ ကိုက်ညီအောင် ညှိယူနေထိုင်ကြရတာပဲ။ တခါတရံမှာတော့ ‘တရားသေဆုပ်ကိုင်ခြင်းနဲ့ ယုံကြည်ချက်ခိုင်မြဲခြင်း’ တို့ကြားမှာ ဝေဝါးနေတတ်တယ်။ ခွဲခြားရ ခက်နေတတ်တယ်။ ဒီနှစ်ခုကလည်း ဝေါဟာရကွဲသလို ခံယူမှုလည်း ကွဲနေတာပဲ။
‘ယုံကြည်ချက်ခိုင်မြဲ’ တာနဲ့ ‘ခေါင်းမာခြင်း’ ဆိုတာလည်း သဘောချင်းတူမလိုလိုနဲ့ မတူညီကြဘူး။ ခေါင်းမာခြင်းကိုတော့ မကောင်းတဲ့အနေနဲ့ အသုံးပြုတတ်ကြတယ်။ ဒီအကြောင်းတော့ နောက်မှပြောကြတာပေါ့။ အခုပြောချင်တာက စစ်ရေးစစ်ရာမှာ ယုံကြည်ခြင်း မယုံကြည်ရခြင်းနဲ့ ပတ်သက်ပြီး ပြောချင်တယ်။ စစ်ဆိုတာ တိုက်ပြီဆိုမှတော့ အနိုင်ယူရဲတဲ့စိတ် ရှိရမယ်။ အနိုင်ယူရဲခြင်းဟာလည်း ယုံကြည်မှုအပေါ် အခြေခံတာပါပဲ။ ယုံကြည်ချက်ခိုင်မြဲဖို့လိုတယ်။ ကိုယ့်ယုံကြည်ချက်ကို ရဲရဲဆုပ်ကိုင်ဖို့လိုတယ်။
စစ်ရေးစစ်ရာဟာ ထွေပြားတယ်။ ပရိယာယ်များတယ်။ ရိုးရိုးရှင်းရှင်း အရပ်ထဲမှာလို စဉ်းစားလို့မရ။ ဘေးပြောတာလည်း နားထောင်မှတ်သားရတယ်။ အချက်အလက်တခုအဖြစ် ယူထားရတယ်။ ဘေးပြောတယ်ဆိုတာ ကောလာဟလလည်း ဖြစ်ချင်ဖြစ်မယ်။ ဒေါမနဿလည်း ဖြစ်ချင်ဖြစ်မယ်။ ထည့်သွင်းစဉ်းစားရမယ့် အချက်လည်း ဖြစ်ချင်ဖြစ်မယ်။ ဒီနေ့လို လူမှုကွန်ရက် ရှုပ်ထွေးမှုတွေကြားမှာ ပိုမိုထွေးပြားလာတယ်။ ဒီတော့ ရထားတဲ့အချက်တွေကို သေချာစိစစ်ပြီး ကိုယ့်အလုပ်နဲ့ မဆိုင်တာတွေကို ဖယ်ထုတ်ပစ်ကြရတယ်။ သံသယဖြစ်စရာတွေ့ရင် ခိုင်လုံခြင်းရှိမရှိ စောင့်ကြည့်နေရတယ်။ အဲ့ဒီအပေါ်မှာတော့ စိတ်ရှည်ကြရတယ်။
သွေးပြောတိုင်းလည်း ယုံလို့မရဘူး။ သွေးဆိုတာ ရေထက်ပြစ်တာမှန်ပေမဲ့ အဲ့ဒါကြောင့်ကို အားနည်းချက်တခု ဖြစ်နေတတ်တယ်။ သွေးပြောတဲ့စကားထဲမှာ ဒလန်တွေရဲ့စကားလည်း ပါနိုင်တယ်။ သူက သွေးကြောင့် အမှားအမှန်ကို မဝေခွဲတတ်ဘဲ သွေးကြောင့် ယုံလွယ်တတ်တယ်။ ဗမာစကားမှာ ‘သားသမီးယုံ စုံလုံးကန်း’ လို့ ဆိုစကားလည်း အရှိသား။ ဒါကြောင့် စစ်ရေးစစ်ရာနဲ့ ပတ်သက်လာရင် သွေးပြောတိုင်းလည်း အမှန်လို့ လက်ခံလို့ မရပေဘူး။
အမှန်တရားလိုလားပြီး အချက်အလက်အမှန် သိချင်သူတွေအတွက်ကတော့ ‘ဘေးပြောတိုင်းလည်းမယုံနဲ့ သွေးပြောတိုင်းလည်း မယုံလေနဲ့။’ ဗုဒ္ဓဟောကြားခဲ့တဲ့ ‘ကာလာမသုတ်’ ထဲကလိုပဲ ဘေးပြောတာကြားပြီးလည်း မယုံနဲ့။ မိဘဘိုးဘွား အစဉ်အဆက်က ပြောကြား လက်ခံလာလို့လည်း မယုံနဲ့။ ကျမ်းဂန်စာပေထဲ ပါလို့လည်း မယုံနဲ့။ ပညာရှိအဆက်ဆက် ပြောလို့လည်း အမှန်လို့မယုံလေနဲ့။ ဆရာသမားပြောလို့လည်း အမှန်လို့မယုံလေနဲ့။ မင်းစိတ်ထဲထင်လို့လည်း အမှန်လို့မယုံလေနဲ့တဲ့။ ဉာဏ်နဲ့ယှဉ်ပြီး လက်တွေ့နဲ့ ချိန်ဆနိုင်မှရတယ်။ ‘ပရက်ကမာ’ ဆန်ဆန် ကျင့်သုံးတတ်ဖို့တော့ လိုမှာပ။
စစ်ရေးစစ်ရာနဲ့ပတ်သက်ရင် နှစ်ဖက်စလုံးမှာ ဒလန်လို့ပဲခေါ်ခေါ် သူလျှိုလို့ပဲသုံးသုံး လျှို့ဝှက်တပ်သားတွေ ထည့်ကြ၊ အသုံးပြုကြမြဲပဲ။ သူလျှိုကို ဒေသခံ ဇာတိသားတွေထဲကိုလည်း ထည့်ထားတတ်သလို ရန်သူ့နယ်ထဲကလူကိုလည်း ထည့်သွင်းအသုံးပြုတတ်တယ်။ အတွင်းသူလျှိုအဖြစ် ရန်သူ့မင်းမှုထမ်း၊ အရာရှိကြီးငယ်ထဲကလူကိုလည်း ထည့်သွင်း မွေးရတာလည်းရှိရဲ့။ ဒီလိုပဲ ကိုယ့်ထဲက အရေးပါအရာရောက်တဲ့ နေရာမှာ ရှိသူထဲက လူကိုလည်း ရန်သူ့ဘက် မွေးတာလည်း ရှိတာပါပဲ။
တခါတခါကျတော့လည်း ရန်သူ့သူလျှိုမှန်း သိပေမဲ့ ရှင်းမပစ်ဘဲ ‘တန်ပြန်သူလျှို’ အဖြစ်မွေးပြီး ရန်သူကို သတင်းအမှားပို့အောင် ဉာဏ်ကစား အသုံးချရတာလည်း ရှိတယ်။ ဒါကြောင့် ဘေးပြောတိုင်းလည်း မယုံနဲ့၊ သွေးပြောတိုင်းလည်း မယုံနဲ့လို့ ပြောကြတာ။ ကိုယ့်အနီးနားမှာရှိတဲ့ ကိုယ့်လူရင်းသည်ပင် တန်ပြန်အမွေးခံရတဲ့ ‘တန်ပြန်သူလျှို’ အဖြစ် အသုံးချခံထားတာလည်း ဖြစ်နေတတ်တာကို အထူးသတိပြုရမှာဖြစ်လို့ သွေးပြောတိုင်းလည်း မယုံနဲ့လို့ ပြောကြတာပါ။
ဘေးပြောနဲ့ သွေးပြောတာကိုပင် သံသယနဲ့ ကြည့်ရရုံတင်မက လျှို့ဝှက်ချက်ကို မျက်လုံးအိမ်သဖွယ် သဘောထားခြင်းကို ကိုယ်တိုင်လည်း ကျင့်သုံးကြရတယ်။ မြေအောက်တော်လှန်ရေးလုပ်ရာမှာ ပြောလေ့ရှိတဲ့ စကားတခုက “မဆိုင်တာကို ပေးမသိနဲ့။ ပေးမသိတာကိုလည်း မသိချင်နဲ့” ဆိုတဲ့ အချက်ကလည်း တော်လှန်ရေးမှာ အရေးပါတဲ့ အချက်တခုပဲဖြစ်တယ်။
မဆိုင်တာကို ပေးသိခဲ့လို့ ဒုက္ခရောက်ကြရတာတွေလည်း တော်လှန်ရေးလုပ်သူတိုင်း ကြုံတွေ့ ရတတ်တယ်။ ပေးမသိစေချင်တာကို သိလိုက်ရင်လည်း ထိန်းသိမ်းရတဲ့တာဝန်ဟာ အလွန် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။ ရန်သူလက်တွင်း ကျရောက်သွားရင် မထိန်းနိုင်တဲ့အဆုံးမှာ အကုန်ပေါ်သွားလေ့ ရှိတတ်တာကြောင့် ပေးမသိစေချင်တာကို မသိတာဟာ အကောင်းဆုံး မြေအောက်တော်လှန်ရေး ကျင့်ဝတ်အဖြစ် မှတ်ယူထားဖို့လိုတာပါ။ သာဓကဆောင်ရရင် ပဲခူးအမတ်ရဲ့ ဖြစ်ရပ်တွေဟာ ဒီသဘောတွေအတိုင်း ဖြစ်ခဲ့တာကို ဆင်ခြင်ကြည့်စေချင်တယ်။ ပဲခူးအမတ်တို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းတို့ဟာ သွေးရင်းသားရင်းတွေ။ ဒါပေမဲ့ သူရဲဘောကြောင်တဲ့ သွေးရင်းတွေ။
ဒါကြောင့် ယုံကြည်ခြင်း မယုံကြည်ရခြင်းဟာ သွေးနဲ့လည်းမဆိုင်ဘူး။ ဘေးနဲ့လည်းမဆိုင်ဘူး။ ယုံကြည်ချက်ခိုင်မြဲခြင်း မခိုင်မြဲခြင်းနဲ့ ဆိုင်တယ်။ ယုံကြည်ချက်ခိုင်မြဲသူဟာ ရန်သူလက်တွင်း ကျရောက်ခဲ့ရင်တောင် အသက်သာ အသေခံသွားမယ်။ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောမှာတော့ မဟုတ်ဘူး။ ကိုဇေယျာသော်တို့ ကိုဂျင်မီတို့ ဗိုလ်တထောင်မှာ ၆ ထပ်တိုက်ပေါ်က ခုန်ချခဲ့ကြသူတွေကို နမူနာထားကြည့်လေ။ ယုံကြည်ချက်ခိုင်မာတဲ့အတွက် လျှို့ဝှက်ချက်ကို အသက်နဲ့လဲသွားခဲ့တာ။ သူတို့ဟာ မရှုံးနိမ့်ခဲ့ကြဘူး။ ရန်သူကို စိတ်ဓာတ်ရေးအရ ထာဝရ အနိုင်ယူသွားခဲ့တာ။
ဒါကြောင့် ဘေးပြောတိုင်းလည်း မယုံလေနဲ့။ သွေးပြောတိုင်းလည်း မယုံလေနဲ့။ ယုံကြည်ချက် ခိုင်မြဲသူနဲ့ အနိုင်ယူရဲသူတို့ရဲ့ စိတ်ဓာတ်ရှိသူကို သာဓကထားပြီး ရဲဘော်စိတ်အပြည့်နဲ့ ယုံကြည်အပ်သူများသာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ဂန္ထဝင်မောင်တူး