စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တင်သားကျေးရွာကို ဆက်သွယ်ရေးဝန်ကြီဌာနက ဩဂုတ် ၂၉ ရက်ကစပြီး ဖုန်းလိုင်းများ ဖြတ်တာထားတာဟာ စက်တင်ဘာ ၃ ရက်အထိ ၅ ရက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
တင်သားရွာက ဒေသခံတဦးက “ရွာမှာ ဖုန်းလိုင်း မရတာ ၅ ရက်ရှိပြီ။ ဖုန်းပြောချင်ရင် ဘေးရွာတွေ သွားပြောရတယ်။ ဩဂုတ် ၃၀ ရက် မနက်စောပိုင်းက စပြီး ဖုန်းလိုင်း ပြတ်တောက်သွားခဲ့တာ၊ စစ်ကြောင်း ရှိတဲ့အခါနဲ့ သူတို့ ဖြတ်ချင်တဲ့အခါ အမြဲဖြတ်လေ့ ရှိတယ်” လို့ ပြောပါတယ်။
ကလေးမြို့နယ်မှာ MPT, Telenor, Ooredoo ဆက်သွယ်ရေးလိုင်းတွေကို အဓိက အားထား အသုံးပြုကြပြီး စစ်တပ်ကာဏာသိမ်းပြီးနောက် Mytel ဆက်သွယ်ရေးလိုင်းကို အသုံးမပြုကြ တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ မရရှိတာကြောင့် ဒေသတွင်းကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းရှိတဲ့အခါ တချို့ရွာသားတွေ မပြေးနိုင်ဘဲ ကျေးရွာမှာ ပိတ်မိနေမှာစိုးတယ်လို့ တခြားဒေသကို ရောက်နေတဲ့ တင်သားရွာက ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ကလေးမြို့နယ်ကို အခုနှစ် မတ် ၃ ရက်က စပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဖြစ်ပြီး အင်တာနက်လိုင်းဖြတ်ခံထားရတာ ၆ လကျော် ရှိနေပြီလည်း ဖြစ်ပါတယ်။
လတ်တလောမှာ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲ တွေ မကြာခဏ ဖြစ်ပွားနေပါတယ်။