မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာရွှေဟင်္သာလူမှုကူညီရေးအသင်းရုံး စက်တင်ဘာ ၂ ရက်နေ့ နေ့ဘက်မှာ ဖောက်ထွင်းခံရတယ်လို့ ရွှေဟင်္သာ လူမှုညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
နေ့ခင်းဘက် ရုံးမှာ ဘယ်သူ့မှမရှိနေတဲ့အချိန် ရုံးတံခါးသော့ကို ရိုက်ဖျက်ဝင်ရောက်ပြီး Laptop တလုံး နဲ့ စတီးကြမ်းခင်းဖို့ အလှူရှင်တဦး လှုဒါန်းပေးထားတဲ့ အလှုငွေ ၂ သိန်း ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
အခုလို နေ့ဘက်မှာတောင် ပရဟိတလုပ်ငန်း လုပ်နေတဲ့ရုံးကို ဖောက်ထွင်းခံရတာနဲ့ ပက်သက်ပြီး လူတွေ အလုပ်အကိုင် အဆင်မပြေကြတော့ ရုံးမှာ အလစ်ငိုက် ဝင်ခိုးသွားတာ အများအကျိုးလုပ်နေတဲ့ ရုံးကို မလုပ်သင့်ဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ခွဲကျော်ကာလအတွင်း မြန်မာနိုင်ငံ ဒေသအသီးသီးမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် စားဝတ်နေရေး မပြေလည်ဖြစ်နေပြီး ခိုးဆိုးယုယက် လူသတ်တာအထိ နေ့စဉ်လိုလို ဖြစ်လာနေတာပါ။
ခိုးဆိုးလုယက်မှုတွေကို စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲတပ် ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသလို လွတ်ငြိမ်းခွင့်ပေးရာမှာလည်း မူးယစ်မှု၊ လူသတ်မှု ကျူးလွန်ခဲ့သူတွေ အများဆုံးပါဝင်လာတာကြောင့် ပြည်သူတွေအကြား ဝေဖန်နေကြပါတယ်။
အခုလို ခိုးဆိုးလုယက်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာခဲ့တာကြောင့် လက်ဝတ် ရွှေငွေတွေ လုံခြုံစိတ်ချရတဲ့နေရာမှာ သိုဝှက်ထားကြဖို့၊ လိုအပ်သလောက်သာ ယူဆောင်ထားကြဖို့၊ သွားသတိ လာသတိနဲ့နေသွားကြဖို့ ဥပဒေပညာရှင်တွေက အကြံပြုထားပါတယ်။