မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ခေါဇာမြို့ ရဲစခန်းကို စက်တင်ဘာ ၁ ရက် ဒီနေ့ မနက် ၆ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း)က ထုတ်ပြန်ပါတယ်။
ရဲစခန်း ဝင်ရောက် တိုက်ခိုက်မှုကြောင့် ၁၀ မိနစ်လောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် အရေအတွက်ကိုတော့ မသိရသေးပါဘူး။
မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း) ပြောခွင့်ရ နိုင်နဂါးက “ကျနော်တို့က စခန်းကို ဝင်စီးဖို့အထိ ရည်ရွယ်ထားတာ။ ဒါပေမဲ့သူတို့ကင်းသမား တွေ့သွားပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ကြတယ်။ သူတို့ဘက်ကတော့ လဲကျသွားတာတွေ တွေ့ရတယ်။ ဘယ်နှစ်ယောက် သေတယ်ဆိုတော့ မသိရသေးဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆင်ဖြူစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ဒီတိုက်ခိုက်မှုဟာ မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း) စတင်တည်ထောင်ပြီးနောက် ပထမဦးဆုံးပြုလုပ်တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခေါဇာမြို့ ရဲစခန်း ဝင်ရောက်တိုက်ခိုက်မှုအတွင်း မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း)ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မွန်ပြည်သူအများစု နေထိုင်ရာ ခေါဇာမြို့မှာ အခြေချထားတဲ့ ရဲစခန်းဟာ ရေးတောင်ပိုင်းဒေသအတွင်း မွန်လူငယ်တွေအကြား စိတ်ကြွဆေးအပါအဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရာမှာ အဓိက အားပေးဆောင်ရွက်နေကြောင်း ပြည်သူတွေ တိုင်ကြားလာလို့ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း)ဟာ မွန်လူမျိုးတွေ အပါအဝင် မွန်ပြည်နယ်အတွင်းရှိ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ်ဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။