စစ်ကိုင်းတိုင်း ရွှေဘို - မန္တလေး မြို့ရှောင်လမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၃၀ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးချတိုက်ခိုက်မှုအတွင်း စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားပြီး အနီးရှိ အပြစ်မဲ့ပြည်သူ ၂ ဦးလည်း ဒဏ်ရာရသွားခဲ့တယ်လို့ Black Wolf - PDF က ထုတ်ပြန်ထားပါတယ်။
"ဗုံးချတဲ့အချိန်မှာ ရန်သူရှိတဲ့နေရာအနီးက ပြည်သူ ၂ ယောက်လည်း အနည်းငယ် ထိသွားတယ်။ စိုးရိမ်ဒဏ်ရာမဟုတ်ဘူးလို့တော့ သိရပါတယ်။ ဂိတ်က ရန်သူ ၃ ကောင် သေဆုံးသွားပေမယ့် ပြည်သူကို မတော်တဆထိခိုက်သွားတာတော့ စိတ်မကောင်းဖြစ်ရတယ်။ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ရှိနေတဲ့ နေရာတွေနဲ့ ဝေးဝေးနေပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်" လို့ Black Wolf - PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲ့ဒီမြို့ရှောင်လမ်းစစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖြတ်သန်းသွားတဲ့ ပြည်သူတွေကို ဖမ်းဆီးခြိမ်းခြောက်ငွေတောင်းခံတာတွေ အမြဲပြုလုပ်လေ့ရှိကြောင်း အခိုင်အမာသိရှိရတဲ့အတွက် တိုက်ခိုက်ရတာလို့ ဒေသကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။
အပြစ်မဲ့ပြည်သူ ၂ ဦးထိခိုက်မှုအတွက် အထူးပင်ဝမ်းနည်းမိကာ အဆိုပါ ပြည်သူနှစ်ဦးအား တောင်းပန်အပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၅ မှ တပ်ခွဲ ၁ နဲ့ Black Wolf - PDF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ကလည်း ရွှေဘိုမြို့အဝင် တက္ကသိုလ်စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။