Home
မြန်မာသတင်း
စစ်ကောင်စီ ခမောင်းဆိပ်ဗျူဟာကုန်းကို အေအေက ထိုးစစ်ဆင်တိုက်ခိုက်၊ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ
DVB
·
August 27, 2022
300909471_1029281084417541_3129084231303407603_n

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မြို့က စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်း ကို ရက္ခိုင့်တပ်တော်(အေအေ)က  ဩဂုတ် ၂၆ ရက်စပြီး ပထမဆုံးအကြိမ် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ခမောင်းဆိပ်မြို့ခံတွေက ပြောပါတယ်။ 

အဲဒီဗျူဟာကုန်းကို အေအေက ဩဂုတ် ၂၆ ရက် ညနေ ၃ နာရီမှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့ ဩဂုတ် ၂၇ ရက် ညနေပိုင်းထိအောင် မသိမ်းပိုက်နိုင်သေးဘူးလို့ ဆိုပါတယ်။

ခမောင်ဆိပ်ဒေသခံတဦးက "မနေ့က ညနေ ၃ နာရီကတည်းက တိုင်ပွဲဖြစ်နေကြတာ မနေ့က တညလုံးဖြစ်တယ်။ ဒီနေ့လည်း မနက်ကတည်းက အခုအထိ တိုက်တုန်းပဲ" လို့ ပြောပါတယ်။

အရင်က ကျေးရွာ တရွာဖြစ်ခဲ့တဲ့ ခမောင်းဆိပ်မှာ ၂၀၁၇ ခုနှစ်ကစပြီး အခြေချစစ်ဗျူဟာထားကာ ၂၀၁၈ ခုနှစ်ကစလို့ မြို့အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဗျူဟာကုန်းကို မြို့အနောက်ဘက်မှာ အခြေပြုထားပြီး စိုးမိုးနိုင်မှုဟာ ငါးရံချောင်း၊ ဝေလာတောင် ၊ အောင်ဇူ၊ မင်းခမောက်၊ လေးမြို့ကေဒီ စတဲ့ ကျေးရွာအုပ်စုတွေအပြင် နယ်စပ်မှတ်တိုင် ၃၈ မှ ၄၂ အထိ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒါအပြင် အေအေအခြေစိုက်ရာ ဝေလာတောကြောက လက်ပံတောင်ဒေသကို ဗျူဟာ အထိုင်ချပြီး စောင်ကြည့်နေသလို အေအေအနေနဲ့လည်း ဘင်္ဂလာ-မြန်မာနယ်စပ်ကို ထိန်းချုပ်နိုင်ဖို့ အဓိကကျတဲ့ ဗျူဟာကုန်းတခု ဖြစ်နေတာကြောင့် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ရာနေရာကို ကြိမ်ချောင်းအခြေချ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၇) က လက်နက်ကြီး ပစ်ကူပေးနေတာကြောင့် အဲဒီဒေသက ရွာတွေနဲ့ အနီးဝန်းကျင်ရွာက ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

ခမောင်းဆိပ်ကျေးရွာအုပ်စုမှ ခမောင်းဆိပ်၊ မင်းခမောက်၊ လေးမြို့​ကေဒီ၊ ဝေလာတောင် စတဲ့ စာသင်ကျောင်းတွေမှာ တာဝန်ကျနေတဲ့ ဆရာ/ဆရာမတွေ နေရပ်ပြန်ဖို့ သြဂုတ်  ၂၆ ရက် ညနေပိုင်းက  မောင်တောမြို့ကို တက်ရောက်လာနိုင်ခဲ့ကြပေမယ့် ဒီနေ့မှာ သွင်းခွင့်မရတော့ဘူးလို့ ဝန်ထမ်းတဦးက ပြောပါတယ်။

"ကျနော်တို့ သူငယ်ချင်းတွေအားလုံး မနေ့ကတည်းက မောင်တောကို ရောက်သွားကြပြီ။ ဒီလောက်ဖြစ်လာမယ်မထင်တော့ မနေ့က လိုက်မသွားကြတာ။ ဒီနေ့ ကျတော့ ကြိမ်ချောင်း ၂၄ ဂိတ်က ဝန်ထမ်းကတ်တွေပြလည်း သွားခွင့်မပြုတော့ဘူး။ ကျန်နေခဲ့တဲ့ ပညာရေးဝန်ထမ်းတချိုနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရန်အောင်ပြင်ရွာမှာ ခိုလုံနေတယ်။" 

သြဂုတ် ၂၇ ရက် မနက် ၇ နာရီကျော်ကလည်း နယ်ခြားစောင့်တပ်ခွဲ (နခခ) ၇ က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်တာကြောင့် အသက် ၆၂ အရွယ်အဘွားအိုတဦး သေဆုံးသွားပြီး ရွာသူရွာသားတွေ ဘုန်းတော်ကြီးကျောင်းမှာ ခိုလုံနေကြရပါတယ်။

ခမောင်းဆိတ်တိုက်ပွဲ ဧရိယာနဲ့နီးတဲ့ မင်းခမောင်းကျေးရွာမှာ ရွာသား ၇ ယောက်ကို စစ်တပ်က သြဂုတ် ၂၆ ရက်ညမှာ ဖမ်းဆီးသွားခဲ့ပြီး အခုထိ မလွှတ်ပေးသေးပါဘူး။

ဖမ်းခံရသူတွေကတော့ မင်းခမောင်းကျေးရွာက ဦးလှမောင်သာ(၅၆ နှစ်)၊ ဦးမောင်ခင်လှ(၄၀ နှစ်)၊ဦးနံသာအောင်(၆၅ နှစ်)၊ ဦးသိန်းလှအောင်(၅၂ နှစ်)တို့ဖြစ်ပြီး ခမောင်းဆိပ်ကျေးရွာက ဦးအောင်သာချေ(၅၀ နှစ်)၊ကိုဖြိုး(၃၀ နှစ်)နဲ့ ကိုမျိုးလေး(၃၂ နှစ်)တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်ရှိမှာလည်း တိုက်ပွဲကြောင့် အနီးအနား ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး နေထိုင်စားသောက်ရေးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

အခု ညနေ ၄ နာရီကျော်မှာတော့ ဗျူဟာကုန်း ကျမယ့်အနေအထားရှိနေပြီး အေအေတပ်ဖွဲ့တွေ ဝိုင်းထားတဲ့ ဗျူဟာကုန်ပတ်လည်ကို တိုက်လေယာဉ် ၂ စီးနဲ့ ပစ်ခတ်စစ်ကူပေးနေတယ်လို့ တိုက်ပွဲနဲ့နီးစပ်တဲ့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး နှစ်ဖက်တပ်တွေ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024