မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာမှာ ဒေသခံပြည်သူတွေကို ပခုက္ကူခရိုင် တပ်ရင်း (၇၁၂) ပြည်သူ့စွမ်းအားတပ်ပေါင်းစု (PPC) က အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တယ်လို့ PPC ရဲ့ ပြင်ပဆက်ဆံရေးနဲ့ ဆေးဘက်ဆိုင်ရာတာဝန်ခံ ဗိုလ်သုတက ဒီဗွီဘီကို ပြောပါတယ်။
သြဂုတ် ၂၆ ရက်က ရှားလှကျေးရွာမှာ ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေတဲ့သူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တာလို့ ဆိုပါတယ်။
ကလေးငယ်တွေကို အရပ်နဲ့ ကိုယ်အလေးချိန်တိုင်းတာတွေ၊ ဒေသခံတွေကို သွေးချို/ ဆီးချို တိုင်းတာတွေနဲ့ သွေးစစ်တာတွေ လုပ်ပေးခဲ့တယ်လို့ ဗိုလ်သုတက ပြောပါတယ်။
“ရာသီတုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ၊ ယားနာရောဂါတွေနဲ့ နာတာရှည်ရောဂါဖြစ်နေတဲ့ လူနာ အယောက် ၆၀ လောက်ကို ငွေကြေးမယူဘဲ အခမဲ့ ဆေးကုသပေးခဲ့ပြီး လိုအပ်တဲ့ ဆေးဝါးတွေကိုပါ ထောက်ပံ့ပေးခဲ့တယ်။”
ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC အနေနဲ့ ဆေးဝါးလိုအပ်ချက် အမြဲရှိနေပြီး သယ်ယူရတဲ့ လမ်းကြောင်းတွေ ခက်ခဲတဲ့ကြားက စနစ်တကျ စုဆောင်းနေရတာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ မိမိတို့ တတ်နိုင်သရွေ့ ထောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။