ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ဗျူဟာကုန်းကို သြဂုတ် ၂၆ ရက် ညနေ ၃ နာရီကျော်က ရက္ခိုင်တပ်တော် (အေအေ) ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေနဲ့ ပညာရေးဝန်ထမ်းတွေ ထွက်ပြေးနေရတယ်လို့ ခမောင်းဆိပ်ကျေးရွာသားတွေက ပြောပါတယ်။
မျက်မြင်ခမောင်းဆိပ်ဒေသခံတယောက်က “ခမောင်းဆိပ်တရွာလုံး ထွက်ပြေးနေကြရပြီ။ တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေကြတာ။ ဒါပေမဲ့ ဒီနေ့ညနေ ၃ နာရီခွဲလောက်မှာ ခမောင်းဆိပ်ဗျူဟာကုန်းကို လက်နက်ကြီးနဲ့ပစ်တာ။ တိုက်ပွဲက တော်တော်လေး ပြင်းထန်နေပါတယ်။ ရွာသူ ရွာသားတွေ နီးစပ်ရာရွာတွေကို ထွက်ပြေးနေကြရတယ်။ တိုက်ပွဲကြောင့် ကျောင်းဆရာတွေလည်း ထွက်ပြေးသွားကြတယ်” လို့ ပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်လာပြီး လက်ရှိ စားဝတ်နေရေး အခက်အခဲတွေကြောင့် ခမောင်းဆိပ်ကျေးရွာအုပ်စုမှ ခမောင်းဆိပ်၊ မင်းခမောက်၊ လေးမြို့ကေဒီ၊ ဝေလာတောင် စတဲ့ စာသင်ကျောင်းတွေမှာ တာဝန်ကျနေတဲ့ ဆရာ ဆရာမတွေ သြဂုတ် ၂၆ ရက် ညနေပိုင်းက နေရပ်ပြန်နိုင်ဖို့ မောင်တောမြို့ကို တက်ရောက်လာနေကြသလို ဒေသခံတွေလည်း နီးစပ်ရာ ကျေးရွာတွေကို ကုန်းလမ်းကနေ မသွားရဲဘဲ လက်ယာချောင်းအတိုင်း ထွက်ပြေးနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။
ခမောင်းဆိပ်မြို့နယ်၊ လေးမြို့ကေဒီကျေးရွာမှာ တာဝန်ကျနေတဲ့ ပညာရေးဝန်ထမ်းတယောက်က “ကျနော်တို့ ဘာတွေ စားသောက်ပြီး နေထိုင်ရမလဲ။ ထမင်းစားရင်တောင် ကြက်ဥမပါတော့ဘူး။ တိုက်ပွဲတွေကလည်း နေ့တိုင်းဖြစ်နေကြတယ်။ ဒီနေ့ဆို မနက်ကစပြီး ညနေအထိ တိုက်ပွဲက အတော်လေးပြင်းထန်နေတာ။ အဲဒါကြောင့် မနေရဲတောဘဲ နေရပ်ပြန်လာကြတာ” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က အေအေ အခြေစိုက်ရာ ဝေလာတောင်ကြော လက်ပံတောင်ဒေသကို ထိုးစစ်ဆင်နေပြီး ထိုးစစ်အတွက် တက်ရောက်သွားကြတဲ့ စစ်ကောင်စီတပ်တွေလည်း ပိတ်မိနေပြီး လိုအပ်တဲ့ လက်နက်၊ ရိက္ခာတွေ ထောက်ပို့ဖို့ ကုန်းလမ်းကြောင်းမှ မသွားရဲတော့ဘဲ နတ်မြတ်ရေလမ်းကြောင်းကို အသုံးပြုပြီး ထောက်ပို့တာတွေ ပြုလုပ်နေကြပါတယ်။