စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကမ်းဖြူရွာအနီးမှာ ဒီနေ့ ဩဂုတ် ၂၅ ရက် မနက် ၈ နာရီခွဲလောက်က စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲခံရတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်ကောင်စီကား ၂ စီးဟာ ပရိုဘောက်ကားလေးနှစ်စီးဖြစ်ပြီး အရာတော် အမြောက်တပ်ထဲကနေ ထွက်လာတာလို့ ဆိုပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက “ကျနော်တို့ ဆွဲမိုင်း ၅ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး အသုံးပြု တိုက်ခိုက်ခဲ့တာဗျ။ စ(--)တွေကတော့ အသေများမယ်။ အတိအကျတော့ မသိရဘူး။ မိုင်းအဆွဲခံရတဲ့နေရာမှာ စ(--)တွေ ကားခဏရပ်နေသေးတယ်။ နောက်ပြီး သစ်ကျင်းကြီးရွာထဲ မောင်းဝင်သွားတယ်” လို့ ပြောပါတယ်။
အခုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဟာ Zero ပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ် Danger Force က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြီခဲ့တဲ့ရက်ပိုင်းကလည်း အရာတော်မြို့နယ် ကမ်းဖြူရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Zero ပြောက်ကျားတပ်ဖွဲ့က ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။