ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအနီး နခခ ၇ ကို ဒီကနေ့ သြဂုတ် ၂၃ ရက် ည ၇ နာရီကစပြီး ရက္ခိုင့်တပ်တော် (အေအေ) က ပြင်းထန်စွာ တိုက်ခိုက်နေပါတယ်။
“ဟုတ်တယ်။ ဒီနေ့ ည ၇ နာရီမှာ ကြိမ်ချောင်းကျေးရွာအနီးက နခခ (၇) အနီးက လက်နက်ကြီး အသံတွေ ဆက်တိုက်ထွက်ပေါ်လာတယ်။ တချို့က နခခ (၇) ကို အေအေက လက်နက်ကြီးနဲ့ ပစ်တယ်လို့တော့ သိရတယ်။ ဘယ်လိုတွေ ဖြစ်လာမလဲ မသိတော့ဘူး။ ရွာသူရွာသားအားလုံး စိုရိမ်နေကြတယ်” လို့ ကြိမ်ချောင်းဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ ကြိမ်ချောင်း မြိုကျေးရွာနဲ့ ရန်အောင့်ပြင်ကျေးရွာအကြားမှာ စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲပြင်းထန်နေကြောင်း ရန်အောင်ပြင်ဒေသခံတဦးက ပြောပါတယ်။
“ဒီနေ့ ည ၇ နာရီမှ စဖြစ်ကြတာ။ ကြိမ်ချောင်းနဲ့ ရန်အောင်ပြင်ကြားမှာပါ။ အခုထိ လက်နက်ကြီးအသံတွေ ကြားနေရတုန်းပါ။ နခခ ၇ ကို အေအေက ဝင်တိုက်တယ်လို့ သိရတယ်။”
အဆိုပါ ကြိမ်ချောင်းကျေးရွာအနီး နခခ (၇) နယ်မြေမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်မှာ မီးလောင်သွားခဲ့ရတဲ့ အောဆိပ်ပြင်မွတ်ဆလင်ကျေးရွာမှာ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း၊ မီးတိုက်ကျေးရွာအနီး သြဂုတ် ၂၂ ရက် မနက် ၇ နာရီခန့်ကလည်း စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများတာကြောင့် ဒဏ်ရာပြင်းထန်တဲ့ အရာရှိတွေကို သယ်ယူဖို့ ဒကစ (စစ်တွေ)မှ ရဟတ်ယာဥ် လာရောက်သယ်ဆောင်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို နှစ်ဖက်တပ်တွေ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။