မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ အိမ်သစ်ကျေးရွာနားမှာ ဩဂုတ် ၁၈ ရက်က စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၆ ယောက် သေဆုံးခဲ့သလို နွားကျောင်းသား တယောက်ကိုလည်း စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
အင်အား ၇၀ ပါ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေဟာ အဲဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲကနေ နေ့လယ် ၂ နာရီအထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၆ ယောက်သေဆုံးကာ ဒေသခံကာကွယ်ရေး တပ်ဘက်က တယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တိုက်ပွဲမဖြစ်ခင် စစ်ကြောင်းချီရာလမ်းကယာခင်းထဲ နွာကျောင်းနေတဲ့ နွားကျောင်းသားကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့လည်း ပုန်းခိုကြည့်ရှုခဲ့သူ ဒေသခံရွာသားတယောက်က ပြောပါတယ်။
“စစ်တပ်ရောက်လာတာ သိလိုက်လို့ ထွက်ပြေးချိန်မှာ ပစ်လိုက်တာ။ယာခင်းအစပ်မှာပဲ။ နွားကျောင်းသားက ပထမ ပေါင်ကို ထိတယ်။ နောက်အနားကပ်ဓားနဲ့ထိုးတယ်။ နောက်ဆုံး အနီးကပ် တေ့ပစ်သွားတာ” လို့ သူက ဆိုပါတယ်။
ပစ်သတ်ခံရသူ အသက် ၂၈ နှစ်အရွယ် ကိုငလုံးဟာ အိမ်သစ်ရွာသားဖြစ်ပြီးသူ့မှာ ဇနီးနဲ့အတူ သားသမီး ၂ ယောက် ကျန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီနေ့မှာပဲဂန့်ဂေါမြို့နယ် ခေါက်ခူရွာက ဝါးခုတ်သွားတဲ့ ဒေသခံသားအဖကို စစ်တပ်ကဖမ်းဆီးသွားပြီး အခုထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဂန့်ဂေါနယ်က ဒေသခံ တယောက်က ပြောပါတယ်။