ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်မှာ သြဂုတ် ၁၇ ရက် ညပိုင်းက ဧည့်စာရင်းစစ်ဆေးပြီး ပြည်သူ ၆ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကမာရွတ်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ မဟာဘောဂလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင်တွေ ဧည့်စာရင်း လိုက်လံစစ်ဆေးခဲ့ပြီး အမျိုးသားသုံးယောက်နဲ့ အမျိုးသမီးသုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဒေသခံပြည်သူတယောက်က “ည ၁၀ နာရီကျော်လောက် စစ်သား၊ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့က သူတွေ ဧည့်စာရင်းလာစစ်တယ်။ သူတို့အင်အားက ၂၀ ကျော်လောက်ပါတယ်။ အဲ့ဒါ ဧည့်စာရင်းလိုက်စစ်ပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီးသုံးဦးကို ဖမ်းသွားတယ်။ ရိုက်တာ နှက်တာတော့ မတွေ့ရဘူး” လို့ ပြောပါတယ်။
ဒေသခံ ပြည်သူခြောက်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဧည့်စာရင်း ဆက်လက် စစ်ဆေးတာ မလုပ်တော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာသွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကမာရွတ်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်မှာ ဇူလိုင်လတုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး ပြည်သူ အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခဲ့ပါသေးတယ်။