နယူးဇီလန်နိုင်ငံရဲ့ တောင်ကျွန်းမှာ သြဂုတ် ၁၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်တွေ၊ အိမ်တွေ၊ လမ်းတွေ ရေလျှံကာ အိမ်ထောင်စု ၂၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ နယူးဇီလန် မီဒီယာတွေက ဖော်ပြပါတယ်။
တောင်ကျွန်းရဲ့မြောက်ဘက်မှာရှိတဲ့ နယ်လ်ဆင်မြို့က အိမ်ခြေ ၇၀ လောက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းရှိ အိမ်ခြေ ၁၄၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသတွင်း ရုပ်မြင်သံကြားကွန်ရက် 1News ကနေ သိရပါတယ်။
ရိုက်တာသတင်းဌာနကို မျှဝေပေးထားတဲ့ မျက်မြင်သက်သေရဲ့ ရုပ်သံဖိုင်ထဲမှာ ရေတွေပြည့်လျှံနေတဲ့ မိုင်တိုင်မြစ်ဟာ မြစ်ကမ်းပါးတွေကို ပြည့်လျှံဖုံးလွှမ်းနေပြီး နေအိမ်တွေနဲ့ သစ်ပင်တွေ တစိတ်တပိုင်း နစ်မြုပ်သွားခဲ့ပါတယ်။
နယူးဇီလန် တောင်ကျွန်းရဲ့ အနောက်ဘက်နဲ့ မြောက်ဘက်ရှိ တောင်တန်းတွေဟာ သြဂုတ် ၁၇ ရက်ကနေ ၁၉ ရက်အထိ မိုးရေ ၅၀၀ မီလီမီတာ (၁၉ လက်မ) အထိ ရွာသွန်းနိုင်ကြောင်း မိုးလေဝသ ဝန်ဆောင်မှုဌာန Metservice က ပြောကြားထားပါတယ်။
နယ်လ်ဆင်မြို့နဲ့ အနောက်ဘက်ကမ်းရိုးတန်းတို့မှာလည်း အရေးပေါ်အခြေအနေတွေ ကြေညာထားပါတယ်။