မွန်ပြည်နယ်အထွက်နဲ့ ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ကျေးရွာအနီး ရန်ကုန်- မော်လမြိုင် ကားလမ်းမအပေါ်မှာ သြဂုတ် ၁၇ ရက်နေ့ ညနေ ၄ နာရီကစပြီး ကားလမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေတယ်လို့ ယာဉ်မောင်းတွေက DVB ကို ပြောပါတယ်။
အဲဒီကားလမ်း ပိတ်ဆို့မှုဟာ စစ်ကောင်စီ ညောင်ခါးရှည် ဓာတ်ရောင်ခြည်စစ်ဆေးရေးဂိတ်ကနေ ဆင်းလာတဲ့ ကားတွေနဲ့ မော်လမြိုင်ဘက်က တက်လာတဲ့ကားတွေ မျက်နှာချင်းဆိုင်ဆုံပြီးနောက် ကားလမ်းနှစ်ထပ် ဖြစ်သွားတဲ့အတွက် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေတာပါ။
ကားလမ်းပိတ်ဆို့မှုဟာ ည ၇ နာရီအချိန်ထိ ဆက်လက် ပိတ်ဆို့နေတဲ့အတွက် ကုန်ကားအပါအဝင် ခရီးသွားကား ၅၀၀ ထက်မနည်း ရပ်တန့်နေရတာပါ။
ကားပိတ်ဆို့နေတဲ့အချိန်မှာပဲ ကုန်ကားတစီး လမ်းဘေးထွက်ကျပြီး ကန့်လန့်ဖြစ်တာကြောင့် ယာဉ်တွေ ဆက်သွားလို့ မရတော့ဘူးလို့ သိရပါတယ်။
“အဲဒီနေရာမှာက နေ့တိုင်းနီးပါး ကားလမ်းပိတ်နေတာ၊ အဓိကကတော့ စစ်ဆေးရေးဂိတ်ကနေ ကားတစီးချင်း လွှတ်နေတာ ယာဉ်တွေ ဆုံပြီး လမ်းပိတ်သွားတယ်၊ အခုအကုန်ဒုက္ခနေတယ်၊ ဆက်သွားလို့လည်း မရဘူး၊ ကားတန်းက တစ်မိုင်လောက် ရှိမယ်”လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။
ကားလမ်းပိတ်ဆို့နေတဲ့အတွက် ခရီးထပ်ဆက်လို့ မရမှာကို ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကို စိုးရိမ်နေကြတာပါ။ ကားလမ်းပိတ်ဆို့မှုကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လာရောက်ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။