Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် စစ်ကောင်စီအား အသိအမှတ်ပြုသလို မဖြစ်စေရန် သတိထားသင့်ဟု NUG ပြော
DVB
·
August 16, 2022
Dr Nolin Hazer

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာရဲ့ ခရီးစဉ်ဟာ တာဝန်အရ သွားရောက်တယ်ဆိုတာ နားလည်ပေမဲ့ အချိန်အခါကောင်း ဟုတ်၊ မဟုတ်ကို စောင့်ကြည့်နေတယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။

ဒေါက်တာနိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို ဩဂုတ် ၁၆ ရက်နေ့မှာ ရောက်ရှိမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာပါ။

ဒေါက်တာနိုလင်းဟေဇာဟာ မြန်မာနိုင်ငံရဲ့ ဆိုးရွားလာတဲ့ အခြေအနေအတွက် မြန်မာနိုင်ငံကို သွားတာလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောဆိုထားပါတယ်။

စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလင်းဟေဇာဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၁ အောက်တိုဘာလမှာ တာဝန်ပေးအပ်ခံရတာဖြစ်ပြီး အချိန် ၉ လကျော်ကြာမှ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်ခွင့်ရခဲ့တာပါ။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “ဒေါက်တာနိုလင်းဟေဇာ မြန်မာနိုင်ငံကို ရောက်မယ့်ကိစ္စ ကျနော်တို့ ကြားသိရပါတယ်။ သူ့တာဝန်ကို သူထမ်းဆောင်တာ နားလည်ပေမဲ့ အခုအချိန်ဟာ အချိန်အခါကောင်း ဟုတ်ချင်မှဟုတ်မယ်ဆိုတာ ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ် ထပ်ပြီးချမှတ်လိုက်တယ်။ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုလည်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်တယ်။ အဲဒါတွေက ကုလနဲ့ အာဆီယံခေါင်းဆောင်တွေ ပြောနေတဲ့ကြားကနေပြီးတော့ ဒီရက်ပိုင်းမှာ တမင်လုပ်တယ်။ လုပ်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်ကို မြန်မာပြည်ကို ပေးလာတယ်။ ဒီတော့ ဒါက အချိန်ကောင်းမဟုတ်ဘူးလို့ ကျနော်တို့ ထင်ပါတယ်” လို့ ပြောပါတယ်။

မြန်မာပြည်တွင်းက အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို စစ်ကောင်စီက ခွင့်ပြုဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပြီး နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ သဘောတူညီချက်နဲ့ ဒေါက်တာနိုလင်းဟေဇာဟာ မြန်မာပြည်တွင်း ဝင်ရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရ မရ၊ နိုင်ငံရေးအစုအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ တွေ့ခွင့်ရ မရ ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

“အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်က စစ်ကောင်စီကို အသိအမှတ်ပြုသလို မဖြစ်အောင် အထူးသတိထားရပါလိမ့်မယ်။ အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်သွားတာ ၂ ကြိမ်ရှိခဲ့ပြီ။ ဘာမှ ထူးထူးထွေထွေ မရလာတဲ့အပြင် ဒီမိုကရေစီခေါင်းဆောင်တွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် စုစုပေါင်း ၄ ယောက်ကို အာဆီယံ အထူးကိုယ်စားလှယ် သွားပြီးတော့မှပဲ ကွပ်မျက်လိုက်တယ်။ အဲဒါလည်း ဒေါက်တာနိုလင်းဟေဇာအနေနဲ့ သတိထားဖို့ လိုပါလိမ့်မယ်” လို့ ဦးကျော်ဇော်က ပြောပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံက မြန်မာစစ်ဘေးသင့်ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ အာဏာသိမ်းပြီး ၁၈ လကျော် ကြာတဲ့အချိန်အထိ ဒုက္ခသည်တွေကို ထိရောက်တဲ့ အကူအညီတွေ မပေးနိုင်ခဲ့ပါဘူး။

ဇွန်လမှာ အကူအညီတချို့ကို ခွင့်ပြုခဲ့ပေမဲ့ စစ်ကောင်စီက သူတို့ဖွဲ့စည်းထားတဲ့အဖွဲ့နဲ့ပဲ အကူအညီတွေပေးဖို့ ထိန်းချုပ်ခဲ့တဲ့အတွက် တကယ်ဒုက္ခရောက်နေတဲ့သူတွေဆီ ဘာအကူအညီမှ ရောက်မလာခဲ့ဘူးလို့ ကရင်နီ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တွေက ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013