နွေဦးတက္ကသိုလ်က စကောကရင်၊ အနောက်ပိုးကရင်၊ ရခိုင်၊ မွန်၊ ရှမ်းစတဲ့ တိုင်းရင်းသားဘာသာစကားသင်တန်းတွေ ဖွင့်လှစ်ဖို့ ရှိနေပြီး အဲဒီသင်တန်းတွေကနေ ရရှိတဲ့ ငွေတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
အခုဖွင့်လှစ်မယ့် တိုင်းရင်းသားဘာသာစကားသင်တန်းတွေကိုတော့ အချိန်သီတင်း ၅ ပတ်ကနေ ၁၀ ပတ်အထိ သတ်မှတ်ထားပြီး သင်တန်းကြေး ကျပ် ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ထိ အသီးသီး သတ်မှတ်ထားပါတယ်။
နွေဦးတက္ကသိုလ်ကတော့ တော်လှန်ရေးခရီးစဉ် ရည်ရွယ်ချက်အတိုင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ပညာမသင်ယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးရပ်တန့်မသွားဖို့၊ CDM သူရဲကောင်းတွေကို ပိုမိုလှူဒါန်းနိုင်ဖို့အတွက် အကောင်အထည်ဖော် လုပ်ဆောင်နေပြီး လစဉ်ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တော်လှန်ရေးကာလအရှိန်မြင့်လာတဲ့အမျှ တခြားတဖက်မှာလည်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မိမိတို့ရဲ့ အိုးအိမ်စည်းစိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေသာမက မီးဘေးသင့်၊ ရေဘေးသင့်၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရမှု၊ လက်နက်ကြီးဒဏ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူအရေအတွက်ကလည်း တနေ့တခြား များပြားလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကလေးငယ်အရွယ်ကစလို့ အဘိုးအဘွားအရွယ်အထိ လက်နက်ကြီးဒဏ်တွေအပြင် စားနပ်ရိက္ခာ လိုအပ်ချက်၊ ရာသီဥတုဘေးကိုပါ ရင်ဆိုင်ကြုံတွေ့နေရတာမို့ အတူတကွ ပူးပေါင်းပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ များစွာလိုအပ်နေတယ်လို့လည်း နွေဦးတက္ကသိုလ်က ပြောပါတယ်။
နွေဦးတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်မြင့်ပညာရပ်တွေ ဆက်လက်သင်ယူနိုင်ဖို့ ကျောင်းခွဲ ၉ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၂ တော်လှန်နှစ်သစ်မှာလည်း နွေဦးတက္ကသိုလ်အနေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပေးအပ်ထားတဲ့ ကတိစကားအတိုင်း ပညာရေးဆက်လက်ရှင်သန်နိုင်ဖို့၊ CDM သူရဲကောင်းတွေကို ချီးမြှင့်လှူဒါန်းသွားနိုင်ဖို့ ပိုမိုကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် နွေဦးတက္ကသိုလ်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ရဲ့ လက်အောက်ခံ ကျောင်းတကျောင်းတို့ ပညာရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူစာချွန်လွှာကို ရေးထိုးထားတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်က ထုတ်ပြန်ထားပါတယ်။
အဆိုပါ အစီအစဉ်ကနေ လာမယ့် ၃ နှစ်တာကာလအတွင်း မြန်မာကျောင်းသားလူငယ်တွေအတွက် ရက်တို၊ ရက်ရှည် သင်တန်းတွေ၊ သုတေသနအစီအစဉ်တွေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ကျောင်းသားပေါင်း ၅၀၀ အထိ လက်ခံသင်ကြားပေးဖို့ သင်တန်းသားတွေကို မကြာခင် ခေါ်သွားမယ်လို့ ဆိုပါတယ်။