မြန်မာ့နွေဦးတက္ကသိုလ်(SUM)နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ရဲ့ လက်အောက်ခံ ကျောင်းတကျောင်းတို့ဟာ ပညာရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူစာချွန်လွှာကို ရေးထိုးလိုက်ပါတယ်။
လာမယ့်သုံးနှစ်တာကာလအတွင်း မြန်မာကျောင်းသားလူငယ်တွေအတွက် ရက်တို၊ ရက်ရှည် သင်တန်းတွေ၊ သုတေသနအစီအစဉ်တွေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ကျောင်းသားပေါင်း ၅၀၀ အထိ လက်ခံသင်ကြားပေးဖို့ သင်တန်းသားတွေကို မကြာခင် ခေါ်သွားမယ်လို့ နွေဦးတက္ကသိုလ်က ဩဂုတ် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ချင်းမိုင်တက္ကသိုလ်ဟာ ထိုင်းနိုင်ငံက အကောင်းဆုံးတက္ကသိုလ်တွေထဲမှာ တတိယအဆင့် ရပ်တည်နေပြီး ကမ္ဘာ့ တက္ကသိုလ်များအဆင့် ၆၀၀-၆၅၀ ကြား ရပ်တည်နေပါတယ်။
နွေဦးတက္ကသိုလ်(SUM)ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်နေကြတဲ့ စစ်ကျွန်ပညာရေးသပိတ်မှောက် CDM ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာဝေမျှပေးနေတဲ့ အွန်လိုင်းကျောင်းတစ်ခုလည်းဖြစ်ပါတယ်။
ကျောင်းတွင်း စကားရည်လုခြင်း(Debate) ၊ စီးပွါးရေးဆိုင်ရာ ပညာရပ်တွေ၊ နိုင်ငံရေးပညာရပ်တွေ၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ဒီမိုကရေစီအရေး၊ စီမံခန့်ခွဲမှုပညာနဲ့တခြားသော ပညာရပ်တွေကို စာတွေ့ထက် ကိုယ်တိုင်တွေးခေါ်တတ်ဖို့ကို ဦးစားပေးသင်ကြားနေကြတဲ့ တက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။