မကွေးတိုင်း ပေါက်မြို့နယ်မှာ သြဂုတ် ၈ ရက်က စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ SPGF တပ်ခွဲ(၃) ရဲ့ တပ်ခွဲမှူး ကျဆုံးခဲ့ရတယ်လို့ SPGF က သြဂုတ် ၁၄ ရက်က ထုတ်ပြန်ပါတယ်။
ပေါက်မြို့နယ် တပ်ကုန်းကျေးရွာက စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ ကင်းရုံကို သြဂုတ် ၈ ရက် ည ၁၁ နာရီလောက်က သွားရောက်တိုက်ခိုက်ရင်း SPGF တပ်ခွဲ(၃) ရဲ့ တပ်ခွဲမှူးဖြစ်သူ အသက် ၃၀အရွယ် ကိုဖိုးပြား (ခေါ်) ဆန်းကိုအောင် ကျဆုံးသွားတယ်လို့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက ပြောပါတယ်။
“အလောင်း ပြန်မရဘူး။ တပ်ဖွဲ့ကတော့ သြဂုတ် ၁၀ ရက်မှာ အလောင်းမပါဘဲ အမိန့် ပြန်လိုက် တယ်။ မိသားစုဝင်တွေကို ထောက်ပံ့ငွေ ပေးလိုက်တယ်။”
နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်ခဲ့တဲ့ တပ်ခွဲမှူး ကိုဖိုးပြားကို သူရဲကောင်းအဖြစ် မှတ်တမ်းတင်ပြီး ဖက်ဒရယ်ဒီမိုကရေစီရဖို့ အာဏာသိမ်းစစ်ကောင်စီကို ကျန်ရှိနေတဲ့ ရဲဘော်တွေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဗိုလ်နဂါးလေးက ပြောပါတယ်။
ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့အနေနဲ့ တတောင့်ထိုး၊ လက်လုပ်သေနတ်၊ ရှော့ဂန်း၊ မိုင်းနဲ့ လက်လုပ် လက်နက်ကြီးတွေနဲ့သာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေရတာဖြစ်လို့ လက်နက်ခဲယမ်း လိုအပ်နေတယ်လို့ သိရပါတယ်။