ရခိုင်ပြည်နယ် မောင်တော-အငူမော်ကားလမ်းကို သြဂုတ် ၁၃ ရက်ညနေပိုင်းကစပြီး ပိတ်လိုက်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပို့မယ့် ငါးမြှစ်ချင်းတင်ကား ၁၅ စီး အငူမော် ဆိပ်ကမ်းမှာ ပိတ်မိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ငါမြှစ်ချင်းငါးတင် ၆ ဘီးကား ၅ စီး နဲ့ ၁၂ ဘီးကား ၁၀ စီးလောက် အငူမော်ဆိပ်ကမ်းမှာ ပိတ်မိနေတာဖြစ်ပြီး စုစုပေါင်းတန်ချိန် ၁၅၀ မှာ တန်ဖိုး ကျပ်သိန်း ၅၀၀၀ ဖိုးထိ ရှိနေတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငါးမြှစ်ချင်းငါးတင်ပို့နေတဲ့ ကုန်သည်တဦးက “ငါးဆိုတာ ကုန်စိမ်း ဖြစ်တယ်။ တခြားကုန်ကားတွေကို ပိတ်ထားပေမဲ့ ငါးကားတွေကိုတော့ စစ်ဆေးပြီး သွားခွင့်ပြုသင့်တယ်။ ဒီလိုသာ ပိတ်ထားရင် သိန်းသောင်းချီဆုံးရှုံးသွားမယ်” လို့ ပြောပါတယ်။
လတ်တလောမှာ အဲဒီကားတွေကို အငူမှော်ဆိပ်ကမ်းကနေ ဇက်ရေယာဥ်နဲ့ ဘူးသီးတောင်ကို သယ်ဖို့ ကြိုးစားနေပြီး အဆင်မပြေပါက စစ်တွေကို ပြန်တင်ကာ ရေကြောင်းမှတဆင့် ဘင်္ဂလားဒေ့ရှ်ကို ပို့ဖို့ ကြိုးစားနေတယ်လို့ မောင်တောမြို့နယ်စပ်ကုန်သည်ကြီးများအသင်းရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အခုလို ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် အငူမော်ဆိပ်ကမ်းမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့မယ့် ကုန်ကားတွေ သောင်တင်နေပြီး ကုန်စိမ်းကားတွေက တော့ အခက်အခဲတွေ ဖြစ်နေကြရပါတယ်။