Home
မြန်မာသတင်း
မောင်တော-အငူမော် ကားလမ်းပိတ်ထား၍ ကျေးရွာအချို့က စာသင်ကျောင်းများ ပိတ်ထားရ
DVB
·
August 14, 2022
298554812_801191854236543_7204813155535142967_n

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်ကားလမ်းကို ပိတ်ထားတာကြောင့်  သြဂုတ် ၁၄ ရက် မှာ မောင်တောမြို့နယ်တောင်ပိုင်း ကျေးရွာ ၈ ရွာက စာသင်ကျောင်းတွေ ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မောရဝတီကျေးရွာဒေသခံတယောက်က "ဟုတ်ပါတယ်။ မောရဝတီ (အ.ထ.က)ခွဲ ကျောင်း ဒီနေ့ပိတ်ထားပါတယ်။ ကားလမ်းပိတ်ထားတော့ မောင်တောက ဆရာ၊ ဆရာမတွေ မလာနိုင်တော့ ကျောင်းပိတ်ထားရတာလို့သိရတယ်" လို့ပြောပါတယ်။

မောင်တောဒေသ၌  ဒေသထုံးစံအရ ဝါတွင်းကာလ အဖိတ်နေ့ နဲ့ ဥပုသ်နေ့တွေမှာ စာသင် ကျောင်းတွေ ပိတ်ထားတာကြောင့် အပတ်စဉ် စနေနေ့ နဲ့ တနင်္ဂနွေနေ့တွေမှာ ကျောင်းတက်နေရ တာလည်း ဖြစ်ပါတယ်။

မောင်တော-အငူမော်လမ်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေလို့ မောင်တောမြို့နယ် တောင်ပိုင်းကျေးရွာတွေဖြစ်တဲ့ ဗောဓိကုန်း၊ ခရေမြိုင်၊ ကင်ချောင်း၊ ရွှေဗဟို၊ သရီကုန်းဘောင်၊ ကိုင်ကြီး၊ မောရဝတီ၊ ဥဒေါင်းရွာတို့က ကျောင်းတွေကို ပိတ်ထားရတာပါ။

အင်းဒင်ကျေးရွာမှာတော့ အထက်တန်းဖွင့်ထားပေမယ့် ကျောင်းတက်ရောက်သူ တယောက်မှ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁၃ ရက် မနက် ၈ နာရီကျော်က အငူမော် - မောင်တော ကားလမ်းပေါ်၊ ရသေ့တောင်မြို့နယ် ဒုံးပိုက်နဲ့ ချိန်ခါလိန်ကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး မောင်တောမြို့နယ် မောရဝတီစစ်ဗျူဟာကနေ စစ်ကူလာတဲ့ စစ်ကား တစီးဟာလည်း ကျောက်ပန်းဒူရွာနားမှာ အေအေရဲ့ မိုင်းခွဲတိုက်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024