ဧရာဝတီတိုင်းမှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ထိရောက်စွာ ခုခံတွန်းလှန်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ဧရာဝတီတိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကို ဇူလိုင်လထဲမှာ ဖွဲ့စည်းခဲ့တယ်လို့ ဧရာဝတီတိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဟုတ်ကဲ့၊ မြို့နယ် ပကဖများ၊ PDF၊ STF၊ LDF များနဲ့ ယခင်တည်းက ချိတ်ဆက် ဆောင်ရွက်နေပြီးသား ဖြစ်ပါတယ်။ အနည်းငယ် ကျန်ရှိနေသေးသော အဖွဲ့များနဲ့လည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
ဧရာဝတီတိုင်းအတွင်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ပြီး ထိရောက်တဲ့ စစ်ရေးစီမံချက်တွေကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းထဲမှာလည်း ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် စစ်ဆင်ရေး ဆောင်ရွက်တာတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ဖွဲ့တာ မှန်ကန်ပြီး အဖွဲ့ထဲမှာပါဝင်တဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ဒေသခွဲကွပ်ကဲရေးအောက်က မစ်ရှင်တွေ လုပ်ဆောင်မှာ ဖြစ်ပြီး သီးသန့်လည်း မစ်ရှင်တွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။