ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဇော်ဂျီမြစ်ဘေးရှိတလျှောက်ရှိ ဇော်ဂျီရပ်ကွက်နဲ့ ဇော်ဂျီကွေ့ရပ်ကွက်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇော်ဂျီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက" မနက် ၈ နာရီဝန်းကျင်လောက်ကတည်းက ရေစ တက်လာတာ။ အခုလို ရေမတက်တာကြာပြီ ၂၀၀၆ ခုနှစ်လောက်က နောက်ဆုံးနေတက်ခဲ့တာ။ ရေကတက်လိုက်၊ ကျလိုက်နဲ့ ဖြစ်နေတာ တပတ်လောက်ရှိပြီ။ မိုးတအားကောင်းလာရင်တော့ မလွယ်တော့ပါဘူး။ တကယ်လို့ ရေထပ်တက်လာရင်တော့ မြို့နယ်ခန်းမအားကစားရုံကို ပစ္စည်းတွေရွှေ့ရမယ် အခုတော့ ဒီဘက်ခြမ်းမှာ အခြေအနေစောင့်ကြည့်နေတယ်” လို့ ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် လတ်တလော နေအိမ် ၃၀ ဝန်းကျင်လောက် ဘေးလွတ်ရာ ပြောင်းရွှေ့ထားရပြီး လူမှုကယ်ဆယ်ရေးအသင်းတွေက ဝိုင်းဝန်းကူညီပေးနေကြပါတယ်။