အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့ မြို့မ (၁၂-ခ) ရပ်ကွက်၊ ပါဟဲတံတားမှာ ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ ဒေသခံအမျိုးသား ၂ ဦးကို ဩဂုတ် ၇ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ နယ်မြေ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့တွေက တမူးမြို့၊ မြို့မ(၁၂-ခ)ရပ်ကွက်၊ ပါဟဲ တံတားမှာ ဖြတ်သန်းလာတဲ့ ဆိုင်ကယ်အား စစ်ဆေးဖို့ ရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေသွားတာကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ ၂ ဦးသေဆုံးပြီး လက်လုပ်မိုင်း ၁ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက PDF တွေလို့ စွပ်စွဲပစ်သတ်ခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသား ၂ ဦးဟာ PDF တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ PDF ရဲဘော်တဦးက ပြောပါတယ်။
အဆိုပါ ပါဟဲတံတားအနီးရှိ ဓာတ်ဆီဆိုင်လည်း မနေ့ည ၉ နာရီဝန်းကျင်လောက် ဝင်မွှေခံရပြီး တန်ဖိုးရှိပစ္စည်းအချို့ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်မှစပြီး ဇွန်လကုန်ထိ အရပ်သားပြည်သူ ၁၉ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ အနည်းဆုံး ၆ ဦးနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၁၉ လုံးထက်မနည်း ရှိလာပြီလို့ ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ထားပါသေးတယ်။