မြန်မာစစ်ကောင်စီ၏ သဘောထားကား ရှင်းလင်းလှသည်။ ကမ္ဘောဒီးယားတွင် ကျင်းပနေသည့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်ကို ရက်မဆိုင်းဘဲ စစ်ကောင်စီက ပယ်ချကြောင်း တန်ပြန်ကြေညာလိုက်၏။ နိုင်ငံတကာဖိအားများအနက် ပျော့ပျောင်းညင်သာမှု အရှိဆုံးသော အာဆီယံ၏ တောင်းဆိုချက်များကို အတိအလင်း ငြင်းဆန်လိုက်ခြင်းပင်။ စစ်ကောင်စီသည် စစ်ကို စစ်လိုတိုက်မည်ဖြစ်သည်။
စစ်ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော စစ်ကောင်စီသည် ၎င်းတို့၏ အလိုဆန္ဒအတိုင်း မလိုက်ပါနိုင်သော မတူကွဲပြားသည့် နိုင်ငံရေးအတွေးအမြင်ရှိသူအားလုံးကို ရန်သူသဖွယ် ချေမှုန်းတိုက်ခိုက်မည်ဖြစ်သည်။ ထိုသဘောကို ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအဖြစ် အာဆီယံထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြသည်ကိုပင် ဆတ်ဆတ်ထိမခံ တုံ့ပြန်ခြင်းက သက်သေပြုနေသည်။ ကြိုးပေးကွက်မျက်မှုသည် မြန်မာနိုင်ငံရှိ ဥပဒေများအတိုင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ကွက်မျက်ခံရသူများသည် ရာဇဝတ်ကောင်များဖြစ်သည်ဟု စစ်ကောင်စီက ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုသည်။
ထိုကွက်မျက်မှုသည် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ခေါင်းဆောင်များသည် အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေတို့ထက် အဆပေါင်းများစွာ သာအောင် သဘောထားတင်းမာကြောင်း ပြသလိုက်ခြင်းပင်။ ပြည်သူကို ကိုယ်စားပြုသော အစိုးရကသာ နိုင်ငံတော်ကိုယ်စားစီရင်ခွင့်ရှိသော သေဒဏ်စီရင်မှုကို ဦးသန်းရွှေလက်ထက်ကပင် မကိုင်စွဲ၊ မကျင့်သုံးခဲ့ပေ။ ၈၈ ကျောင်းသားများအား နှစ်ရှည်ထောင်ဒဏ်များသာ ချမှတ်ခဲ့သည်။ ၂၀၀၆ ခုနှစ်အတွင်း ၈၈ ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ် ၆၈ နှစ်အထိ ချမှတ်မှုများသာ ပြုခဲ့ဖူးသည်။
အာဏာသိမ်း ခေါင်းဆောင်သစ် မင်းအောင်လှိုင်နှင့် အပေါင်းအပါတစုသည် အာဏာသိမ်းမှုကို လက်မခံသူများအပေါ် အဘယ်ကြောင့် ထိုမျှအထိ လက်မရွံ့ စီရင်ဝံ့နေသနည်း။ ရှင်းပါသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်အဆက်ဆက် ထိရောက်သော တုံ့ပြန်တိုက်ခိုက်မှုများကို မကြုံတွေ့၊ မခံစားရသောကြောင့်ပင် ဖြစ်၏။ ဦးနေဝင်း မိသားစုကို မည်သူမျှ မတိုက်ခိုက်၊ အရေးမယူနိုင်သလို၊ ဦးသန်းရွှေသည်လည်း သာသာယာယာ နေခွင့်သာနေသည့် အဖြစ်များက စစ်ခေါင်းဆောင်များကို လက်မရွံ့သူများ ဖြစ်စေခဲ့သည်။ အတိုက်အခံများကို ဖိနှိပ်သတ်ဖြတ်၊ ခေါင်းမထောင်နိုင်အောင် လုပ်နိုင်လျှင် ပလ္လင်ငြိမ်ပြီး နိုင်ငံတကာက ပြန်လည်ဆက်ဆံလာရမည်ဟု စစ်ခေါင်းဆောင်များက တထစ်ချ တွက်ဆထားပြီးဖြစ်သည်။ သဘောထား ပျော့ပျောင်းမှု၊ နိုင်ငံတကာ ဝေဖန်မှုများအပေါ် အလေးထားလွန်းမှုနှင့် အကြမ်းမဖက် လှုပ်ရှားမှုများကိုသာ ပြုတတ်သည့် ဒီမိုကရက်တစ်များသည် ၎င်းတို့အတွက်မူ ရေမြွေများသာ ဖြစ်သည်ဟု စစ်ခေါင်းဆောင်များက မှတ်ယူထားကြသည်။
မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်မှုများ ဖြစ်ပေါ်လာသော်လည်း ထိပ်ပိုင်းခေါင်းဆောင်များနှင့် မိသားစုဝင်များကို ထိပါးနိုင်ခြင်း မရှိသေးသည်က ၎င်းတို့၏ မှတ်ယူမှုကို ပိုမို အားကောင်းစေသည်။ NUG က ပြည်သူများ ခုခံစစ်ပြုကြဖို့ ဆော်ဩပြီးနောက် တော်လှန်ရေး အင်အားစုများသည် အမြင့်ဆုံးတိုက်ခိုက်မှုအဖြစ် ဗဟိုဘဏ် ဒုဥက္ကဋ္ဌနှင့် Mytel ဘဏ္ဍာရေးအရာရှိ ရေတပ်ဗိုလ်မှူးဟောင်းကို လုပ်ကြံခြင်းသာ ပြုနိုင်သေးသည်။ အခြားသူများမှာ ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်လောက်သာ ရှိသူများ ဖြစ်၏။ ထိုမျှလောက်သော တိုက်ခိုက်မှုများသည် စစ်ခေါင်းဆောင်များကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
မြန်မာလက်နက်ကိုင်တော်လှန်ရေးတွင် အသက်အိုးအိမ် စည်းစိမ် စွန့်၍ တိုက်ခိုက်ဝံ့သူများစွာရှိသည် မြင်တွေ့နေရသည်။ သို့သော် ၎င်းတို့၏ တိုက်ခိုက်မှုများသည် ပစ်မှတ်အငယ်စားများသာ ဖြစ်နေသည်။ ပစ်မှတ်အငယ်များကို တိုက်ခိုက်ရင်းမအောင်မြင်ဘဲ ပစ်သတ်ခံရသူ၊ အဖမ်းအဆီးခံရသူ များစွာရှိနေသည်။ ထိုသူများ၏ စွမ်းဆောင်ရည်များကို ထိရောက်သော နေရာများတွင် အသုံးပြုနိုင်ရန် NUG သည် ယနေ့အချိန်ထိ ထိန်းကျောင်း တည့်မတ်ပေးနိုင်သည် မမြင်တွေ့ရသေးပေ။ ပြန့်ကျဲနေသော တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်နိုင်စွမ်းများကို ထိရောက်သော ပစ်မှတ်များကိုသာ ချေမှုန်းနိုင်ရန် စီမံပေးရမည်မှာ NUG ပင်ဖြစ်သည်။
စစ်ခေါင်းဆောင်များကို တိုက်ရိုက် အကျပ်အတည်းတွေ့စေသော စစ်ရေးစွမ်းဆောင်ချက်များ မပြုလုပ်နိုင်သရွေ့ NUG ၏ တော်လှန်ရေးအင်အားစုများ ဖြည်းဖြည်းခြင်း ယုတ်လျော့သွားသည်သာ အဖတ်တင်ပေမည်။ စစ်ခေါင်းဆောင်များသည် ပြည်သူကို အကြောက်တရားပေး၍ ဖိနှိပ်အုပ်ချုပ်လိုသူများဖြစ်သည်နှင့်အညီ ၎င်းတို့ကို အကြောက်တရားပေးထားနိုင်ပါကလည်း မျက်နှာချိုသွေး ဆက်ဆံတတ်သည့် သဘောရှိသည်။ သာဓကရှိသည်။
ဘိန်းဘုရင်ခွန်ဆာ
ရှမ်း-တရုတ်ကပြား ဘိန်းဘုရင်ခွန်ဆာသည် လူသားမျိုးနွယ်စုကို ထိခိုက်စေသည့် ဘိန်းဖြူချက်လုပ် ဖြန့်ဖြူးရောင်းချခြင်းကြောင့် အမေရိကန်က အလိုရှိကြောင်း ဆုကြေးထုတ်ထားရသည့်အပြင် ၎င်း လက်နက်ကိုင်တိုက်ခိုက်ခဲ့သော နှစ်ပေါင်းများစွာအတွင်း မြန်မာစစ်သားပေါင်း ၈၀၀၀ ကျော်ကို သေဆုံးသည်အထိ တိုက်ခိုက်ထားသည်။ သို့သော် မြန်မာစစ်ခေါင်းဆောင်များသည် ဘိန်းဘုရင် ခွန်ဆာကို အမေရိကန်ကိုအပ်၍ ဆုငွေ မထုတ်ခဲ့သလို ၎င်းတို့ကိုယ်တိုင်လည်း ပြစ်ဒဏ်စီရင်ခြင်း မပြုခဲ့ပေ။ ထို့အပြင် ရန်ကုန်တွင်ထား၍ သူကောင်းပြုချီးမြှင့်မြောက်စားခဲ့ရသည်။
အဘယ့်ကြောင့်နည်း။ ကြောက်လို့။ ကြောက်လို့ ဟူသော အဖြေသည် ဖြစ်တန်စွမ်းရှိပါသည်။ စာရေးသူကို ထိုအဖြေပေးခဲ့သူမှာ ခွန်ဆာနှင့် ငြိမ်းချမ်းရေးယူရေး ဆွေးနွေးခဲ့ရသည့် စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွှန်၏ တပ်ဖွဲ့ဝင် အရာရှိဟောင်းတယောက်ပင်။ ၎င်းပြောစဉ်ကမူ ထိုစဉ်က ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် စပ်ဟပ်ပြောခဲ့သော်လည်း စစ်ခေါင်းဆောင်များမှာ ခွန်ဆာ၏ လုပ်ရည်ကြံရည်ကို ကြောက်ရွံ့ကြခြင်းမှာ ပေါ်လွင်လှသည်။
ငယ်စဉ်ကပင် တရုတ်ဖြူ ကူမင်တန်တပ်တွင် အမှုထမ်းလာသော ခွန်ဆာသည် နောက်ပိုင်းတွင် မုန်တိုင်းတပ်ကို ထူထောင်ပြီး မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးယူလိုက်၊ ပြန်လည်တိုက်ခိုက်လိုက်ဖြင့် မြန်မာစစ်တပ်ကို အထိနာစေခဲ့သည်။ ၁၉၆၉ ခုနှစ်တွင်မူ ခွန်ဆာကို မြန်မာစစ်တပ်သည် ဖမ်းဆီးနိုင်ခဲ့ကာ မန္တလေးထောင်တွင် ထိန်းသိမ်းထားသည်။ သို့သော် မကြာမီမှာပင် ခွန်ဆာကို ပြန်လွှတ်ပေးခဲ့ရသည်။ ခွန်ဆာ၏ တပ်မှူးတဦးက တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ လာရောက်သော ရုရှားဆရာဝန် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး ခွန်ဆာနှင့် လဲလှယ်ရန် တောင်းဆိုလိုက်သောကြောင့်ဖြစ်၏။ ထိုရုရှား ၂ ဦးကို ခွန်ဆာတပ်က ဖမ်းဆီးလိုက်ခြင်းသည် အာဏာသိမ်းတော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းကို ထိထိမိမိ အကြပ်ရိုက်စေခဲ့သည်။ မုန်တိုင်းတပ်ဖွဲ့ ခေါင်းဆောင် ခွန်ဆာကို ဖမ်းထားသော်လည်း တပ်ဖွဲ့ဝင်များ၏ ပြန်လည် တုံ့ပြန်နိုင်စွမ်းကို စစ်ခေါင်းဆောင်များ ကြောက်ရွံ့တုန်လှုပ်သွားကြရသည်။ ထိုအချိန်မှစ၍ စစ်ခေါင်းဆောင်များက ၎င်းတို့နှင့် မိသားစုဝင်များကို ခွန်ဆာက အချိန်မရွေး လုပ်ကြံသတ်ဖြတ်ပစ်နိုင်သည်ဟူသော စိုးရိမ်စိတ်ဝင်ခဲ့ရသည်ဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်းက ပြောပြဖူးသည်။
ဤသည်မှာ စစ်သားနှင့် စစ်၏ သရုပ်သဏ္ဌာန် အမှန်ပင်ဖြစ်၏။ စစ်သည် ရန်သူကို အကြောက်တရား ပေးရသကဲ့သို့ ရန်သူက ပြန်၍ အကြောက်တရားပေးနိုင်လျှင်လည်း ကြောက်သောသဘော မြန်မာစစ်ခေါင်းဆောင်များတွင် အပြည့်ရှိ၏။
စစ်တိုက်ပြီဆိုလျှင် စစ်ကို နိုင်အောင်ပြုရသည်မှာ စစ်သူရဲကောင်းတို့၏ သဘာဝဖြစ်၏။ သူရဲကောင်းသည် သူတော်ကောင်းမဟုတ်ပေ။ သူတော်ကောင်းပင်လျှင် မိမိ ခွန်အားအပေါ် အားထားမာန်တက်လွန်းသူကို သူ့ထက်သာသော ခွန်အားဖြင့် ဖိနှိပ်ခြင်းဖြင့် မာန်ချစေရသည့် သာဓကရှိသည်။ နန္ဒောပန္နဒ နဂါးမင်းကို ရှင်မေဂ္ဂလန်က သူ့ထက်ကြီးသော နဂါးအဖြစ် ဖန်ဆင်း၍ ဖိညစ်မှ မာန်ချသော ဖြစ်ရပ်သည် အထင်ရှားဆုံး သာဓကပင်။
မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်တသိုက်သည် မည်သည့်နိုင်ငံ၏ ဖိအားကိုမျှ ဂရုမစိုက်ဘဲ ပုဏ္ဏက ဘီလူးက ဝိဓူရအမတ်ကို မြင်းနောက်က တရွတ်တိုက် ဆွဲခေါ်သလို ပြည်သူကို ၎င်းတို့ လိုသလိုလုပ်မည့် ရွေးကောက်ပွဲဆီ ဆွဲခေါ်တော့မည် ဖြစ်၏။
လာမည့်ကာလများအတွင်း တော်လှန်ရေးတပ်ဦးတွင်ရှိသော NUG သည် စစ်ကို စစ်လို မတိုက်ပါက ပြည်သူသည် ဒလိမ့်ခေါက်ကွေးပါသွားတော့မည့် အလားအလာကို မြင်တွေ့နေရပေသည်။
စောအဲမွန်