ရခိုင်ပြည်နယ်မှာ၊ မိုးမရွာတဲ့အတွက် လယ်ကွက်ထဲက ရေတွေခန်းခြောက်ပြီး လယ်မြေတွေ မာတာ စပါးမစိုက်ပျိုးနိုင်တာတွေစတဲ့ အခက်အခဲတွေ စပါးစိုက်တောင်သူတွေ ကြုံတွေ့နေကြရပါတယ်။
ဒါနဲ့ပတ်သက်ပြီး တောင်သူတွေက "အခုအချိန်မှာ မိုးလုံးဝမရွာတော့ စပါးပျိုးပင်ကို ဘယ်လိုနုတ်စိုက်မလဲ။ အရင်ရေရှိတုန်းက ထွန်ထားတဲ့ လယ်တွေကလည်း မိုးမရွာတာကြာပြီဆိုတော့ ရေတွေခန်းခြောက်ပြီး လယ်မြေတွေ မာကုန်ပြီ။ ပြန်ထွန်ဖို့ကလည်း စက်ဆီဝယ်ဖို့ ပိုက်ဆံတွေကလည်းမရှိ အရင်နှစ်တွေက အစိုးရချေးငွေ ရရှိပေမဲ့ အခုနှစ်မှာ အစိုးရချေးငွေ မရရှိတော့ ပိုပြီး အခက်တွေ့ရတယ်။ စပါးပျိုးပင်တွေကလည်း အခုစိုက်ဖို့ ကောင်းနေပြီ။ ဒီအတိုင်းဆို အရင်ထွန်ထားတဲ့ စက်ဆီဖိုးတောင် ရပါ့မလားမသိဘူး"လို့ ပြောပါတယ်။
စပါးစိုက်ပြီး တောင်သူလယ်သမားတဦးက "စပါးစိုက်လို့တော့ ပြီးသွားပြီဆိုပေမဲ့ ရေမရှိတော့ စပါးပင်တွေ ရှင်သန်မှာလားတော့ မသိဘူး။ မိုးမရွာရင် အရင်နှစ်တွေရဲ့ ထက်ဝက်တောင် စပါးထွက်မှာမဟုတ်ဘူး"လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် အထိ တောင်သူလယ်သမားတွေ အစိုးရ ချေးငွေရရှိပြီး ၂၀၂၀ နောက်ပိုင်း အခုနှစ်အထိ အစိုးရချေးငွေ မရရှိတော့တာဖြစ်ပြီး တချို့ဆိုရင် လယ်မလုပ်ကြတော့တာလည်း ရှိပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာလည်း စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့ဖျက်ဆီး ၊ လူသတ်ဖမ်းဆီးမှုတွေကြောင့် တောင်သူလယ်သမားတွေ စပါးမစိုက်ပျိုးနိုင်တော့ဘဲ စစ်ဘေးရှောင်ထွက်ပြေးနေကြရပါတယ်။
လက်ရှိ ပြည်တွင်း ဆန် စပါးဈေးကွက်မှာလည်း အများပြည်သူ စားသုံးမှုများတဲ့ ဆန်အမျိုး အစားတွေ ဈေးနှုန်းမြင့်တက်နေပါတယ်။