ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံသားတွေကို နိုင်ငံတကာအသိုက်အဝန်းက တာဝန်ယူ ကာကွယ်ပေးတဲ့ R2P ကို အကောင်အထည်ဖော်ပြီး စစ်အာဏာရှင်ကို ပြန်ခုခံနေတဲ့ မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေကို တပ်ဖွဲ့အင်အား၊ လက်နက်အင်အား ချက်ချင်း ထောက်ပံ့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇူလိုင် ၃၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားသူ လေးဦးကို သေဒဏ်စီရင်လိုက်တာကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အပြင်းအထန် ကန့်ကွက်ခဲ့တဲ့အပြင် တရုတ်နဲ့ ရုရှားအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ အားလုံးက ကန့်ကွက် ရှုတ်ချလိုက်ပြီးနောက် NUG အစိုးရဘက်က အခုလို တောင်းဆိုချက်ထွက်လာတာပါ။
တောင်းဆိုချက်ထဲမှာ ဒီမိုကရေစီသူရဲကောင်းတွေကို ကွပ်မျက်တာကို ရှုတ်ချ ကန့်ကွက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဒါပေမဲ့ လက်တွေမပါတဲ့ ကြေညာချက်တွေဟာ စကားလုံး သပ်သပ်သာ ဖြစ်တဲ့အတွက်၊ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေ ဆောင်ရွက်ပေးဖို့ ပါရှိပါတယ်။ စစ်ခေါင်းဆောင် ရဲ့ ဝင်ငွေလမ်းကြောင်းတွေ၊ စီးပွားရေးတွေကို ဖြတ်တောက်ပေးဖို့၊ စစ်ကောင်စီရဲ့ နိုင်တကာ အသိအမှတ် ပြုမှုတွေကို ရပ်တံ့ပေးဖို့နဲ့ အန်ယူဂျီအစိုးရကို တရားဝင် အသိအမှတ်ပြုဖို့၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက လတ်တလော စစ်အာဏာရှင်ကို ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးဖို့ တပ်တွေလွှတ်ပြီး ကာကွယ်ပေးဖို့၊နဲ့ နိုင်ငံတော်ဟာ နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်ယူ ကာကွယ်ပေးတဲ့ R2P ကို တောင်းဆိုလိုက်ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့က PVTV စာမျက်နှာကနေတဆင့် တင်ပြတောင်းဆိုထားတာပါ။
မ္ဘောဒီးယားနိုင်ငံမှာလည်း အာဆီယံ မိတ်ဖက်နိုင်ငံများ ထိပ်သီးအစည်းအဝေး မကြာခင်ကျင်းပဖို့လည်း ရှိနေချိန်မှာ အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နက်ပရိုက်ခ်ကလည်း အာဆီယံနိုင်ငံတွေ ကန့်ကွက်နေတဲ့ကြားက ဒီမိုကရေစီအရေးဆောင်ရွက်နေသူ ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်တယ်ဆိုတာက မထိမဲ့မြင်ပြုလုပ်လိုက်တာ ဖြစ်ပြီး ဒေသတွင်း အခမ်းအနားတွေမှာ မဖိတ်ခေါ်ဖို့ စစ်အုပ်စုကို နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် တနည်းနည်းနဲ့ လုပ်ဆောင်နေတာတွေကို ရှောင်ကြည်ဖို့ ဇူလိုင်လ ၂၅ ရက်နေ့တုန်းက တိုက်တွန်းထားပါသေးတယ်။