တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဇရစ်ရပ်ကွက်၊ ရတနာလမ်းမှာ ညိုမဲဒဏ်ရာတွေနဲ့ လည်လှီးသတ်ဖြတ်ခံထားရတဲ့ ပိုင်ရှင်မဲ့အမျိုးသား တယောက်ရဲ့ အလောင်းကို ဇူလိုင် ၂၈ ရက်ညက တွေ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီအမျိုးသားအလောင်းကို ဇမ္ဗူသီရိ အရေးပေါ် လူနာတင်ယာဥ်နဲ့ လာရောက်တင်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူက ဆိုပါတယ်။
ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့က အဲဒီအလောင်းကို ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး အဆိုပါပုဂ္ဂိုလ်ကို သိရှိပါက ကာယကံရှင် မိသားစုဝင်တွေနဲ့ အမြန်ဆုံးဆက်သွယ်ပေးဖို့ လူမှုကွန်ရက်စာမျက်နှာကတဆင့် နှိုးဆော်ထားပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြို့ခံတွေအကြား ကောလာဟလအမျိုးမျိုး ထွက်ပေါ်နေပေမဲ့ သီးခြားအတည်ပြုနိုင်တဲ့ အချက်အလက် မရရှိသေးပါဘူး။
မြို့ခံတဦးက “သိရသလောက် တချို့ကလည်း သာမန်အလောင်းပဲ ပြောကြတယ်ဗျ။ တိတိကျကျ သိပ်မသိကြဘူး” လို့ ပြောပါတယ်။
ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီက နေ့ရောညပါ ကင်းလှည့်စစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့အပြင် သေနတ်ပစ်ခတ်သံလည်း မကြာခဏ ကြားရလေ့ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။