နိုင်ငံရေးအကျဉ်းသား ၄ ဦးဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်တဲ့အပေါ် စက်မှုအင်အားကြီး ဂျီ-၇ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ပြင်းထန်စွာ ရှုတ်ချကြောင်း ဇူလိုင် ၂၈ ရက်မှာ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေကို စစ်အာဏာရှင်က ကွပ်မျက်ခဲ့တဲ့ အပေါ် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့က ရှုတ်ချလိုက်တာဖြစ်ပါတယ်။
နှစ်ပေါင်း၃၀ကျော်အတွင်း ပထမဆုံးဖြစ်တဲ့ အခုလို ကွပ်မျက်မှုတွေနဲ့ တရားမျှတသောကြားနာစစ်ဆေးမှုတွေ လစ်ဟင်းခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ ခိုင်ကျည်မြဲမြံတဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို စစ်အာဏာရှင်က မထေမဲ့မြင်ပြုရာရောက်တယ်လို့ ဆိုပါတယ်။
သေဒဏ်ပေးခံရသူ ၄ ဦးအပါအဝင် ၂၀၂၁ ဖေဖော်ဝါရီ တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ သတ်ဖြတ်၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူအားလုံးရဲ့ မိသားစုဝင်တွေ အားလုံးနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ဆက်လက်ရှုတ်ချပြီး နိုင်ငံအတွင်းမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လွန်စွာစိုးရိမ်ပူပန်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ရန်ဖို့ မတရားထပ်မံကွပ်မျက်မှုတွေမှ ရှောင်ရှားဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ဖို့ စစ်အာဏာရှင်ကို ဂျီ-၇ နိုင်ငံတွေက တောင်းဆိုပါတယ်။
အာဆီယံရဲ့ အားထုတ်မှုတွေကို ဆက်လက်အားပေးထောက်ခံပြီး စစ်တပ်ကို အာဆီယံဘုံ သဘောတူညီချက် (၅)ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့ တောင်းဆိုလိုက်ပြီး အာဆီယံအထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုရှိဖို့လည်း တိုက်တွန်းထားပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ စစ်အာဏာရှင်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ပြစ်ဒဏ်စီရင်ပြီဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုလို သေဒဏ်ပေး ကွက်မျက်ခဲ့တဲ့ အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက ကန့်ကွက်ရှုတ်ချခဲ့ကြတာ ဖြစ်ပါတယ်။