သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်အမှုကို နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်အထူးတရားရုံးမှာ ဇူလိုင် ၂၈ ရက် ဒီနေ့ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေအဖြစ် ဒုတိယရဲမှူးကြီး ငွေတိုးကို စစ်ဆေးခဲ့ပြီး လာမယ့် အပတ်နောက်ရုံးချိန်းမှာလည်း ပြန်ခေါ်သက်သေ တယောက်ကို ဆက်လက်စစ်ဆေးသွားမယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)တို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားကာ အဆိုပါပုဂ္ဂိုလ်လေးဦးကို အားပေးကူညီမှုနဲ့ စွဲချက်တင်အမိန့်ချပြီး ပြန်ခေါ်သက်သေတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။