ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းကို စစ်ကောင်စီက သွားလာခွင့် ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်လာပြီး ရွာသားတချို့ နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ ဇူလိုင် ၁၈ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားပြီးနောက် စစ်ကောင်စီက လမ်းပိတ်ဆို့ထားဖြစ်ပါတယ်။
တမန်းသား၊ မင်္ဂလာညွှန်၊ သက်ကိုင်ညှာ၊ သစ်တုံးနာခွဆုံ၊ မြဝတီ၊ ရန်အောင်မြင်၊ မင်ကြီးရွာ၊ သာယာကုန်း၊ မီးတိုက်၊ သင်္ဘောလှ၊ နံသာတောင် စတဲ့ကျေးရွာတွေ ရွာသူရွာသားတချို့ နေရပ်စွန့်ခွာနေကြတာလည်း ဖြစ်ပါတယ်။
မင်္ဂလာညွှန်ရွာသားတဦးက “နေရပ်စွန့်ခွါသွားသူတွေက တနေ့ထက်တနေ့ များပြားလာနေတယ်။ ဘာအတွက်လဲဆိုတော့ လမ်းတွေပိတ်ပြီး စားနပ်ရိက္ခာတွေ လုံးဝသယ်ယူခွင့်မရှိတော့ မောင်တောမြို့က ဆွေမျိုးတွေထံ ယာယီနေထိုင်ဖို့ သွားကြတာ များပြားလာနေတယ်” လို့ ပြောပါတယ်။
ရန်အောင်ပြင်ကျေးရွာသားတဦးကလည်း “ကြိမ်းချောင်း ၂၄ ဂိတ်က သွားလာခွင့်တွေ ပိတ်ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်ပြီး မောင်တောကို ဆင်းလာကြတဲ့ လူတွေကိုတော့ ၂၄ ဂိတ်က သွားခွင့်ပြုတယ်။ မောင်တောဘက်က ဆေးရုံဆင်းလာတဲ့ အထောက်အထားတွေပြနိုင်တဲ့ ရန်အောင်ပြင်ရွာသားတွေကို ကြိမ်ချောင်း ၂၄ ဂိတ်က သွားခွင့်မပြုသေးဘူး” လို့ ပြောပါတယ်။
ဇူလိုင် ၁၈ ရက်မှာ မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီး စစ်ကောင်စီကားတစီးကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အယောက် ၂၀ သေဆုံးပြီး ၁၄ ယောက် ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီမိုင်းခွဲတိုက်ခိုက်မှုအပြီး မောင်တောမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို လူတွေသွားလာခွင့်နဲ့ စားနပ်ရိက္ခာသယ်ယူခွင့်တွေ စစ်ကောင်စီက ပိတ်ဆို့ထားဖြစ်ပါတယ်။