မွန်ပြည်နယ်၊ ရေးမြို့၊ ရေး-မြစ်ကူးတံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၂၇ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရေး PDF က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြစ်ရိုးတလျှောက်လုံး နေရာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကင်းပုန်းထူထပ်စွာချထားပြီး လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ ရေး PDF တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူ များနိုင်တယ်လို့ MSRO အဖွဲ့က ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ကို ၀င်ရောက် တိုက်ခိုက်ခဲ့တာဟာ ကိုဂျင်မီ နဲ့ ကိုဇေယျာသော်တို့အား ကွပ်မျက်ခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO က ၀င်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရေးမြစ်ကူးတံတားက တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် လက်ရှိမှာ စစ်ကောင်စီတပ်က လမ်းတွေကို ပိတ်ဆို့ပြီး လုံခြုံရေး တင်းကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-ရေး- ထားဝယ်-မြိတ် ကားလမ်းပေါ်က ရေးမြစ်ကူးတံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေး PDF တွေရဲ့ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိတယ်လို့ သိရပါတယ်။
ရေးမြစ်ကူး တံတားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပက်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ လက်အောက်ခံ စစ်တပ်၊ ရဲ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေကို သုတ်သင်ရှင်းလင်းနေတာ ၁ ဒါဇင်ကျော်လောက်ရှိပြီ ဖြစ်ပြီး စစ်ဆင်ရေးအား ထပ်မံအရှိန်မြှင့်သွားမယ်လို့ ဒေသဆိုင်ရာ PDF တွေက ပြောပါတယ်။