ရန်ကုန် - ရေး - ထားဝယ် - မြိတ်ကား လမ်းမပေါ်ရှိ မွန်ပြည်နယ် ရေးမြို့ ရေးမြစ်ကူးတံတားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဧပြီ ၂၃ ရက် မနက်က တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေး-မြစ်ကူးတံတားဘက်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF တွေက ဝင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာကြောင့် ဥယျာဉ်ခြံသမားတွေနဲ့ ယာဉ်တွေ သွားလာရေး အခက်အခဲကြုံရတယ်လို့ ဒေသခံခြံသမား တဦးက ပြောပါတယ်။
ရေးမြစ်ကူးတံတား စစ်ဆေးရေးဂိတ်ဟာ ခရီးသွားယာဉ်တွေ၊ အိမ်စီကားတွေကို ငွေကြေးကောက်ခံနေတာကြောင့် ယာဉ်မောင်းသမားတွေက ဝေဖန်နေကြတယ်လို့ သိရပါတယ်။
ရေးမြစ်ကူးတံတား စစ်ဆေးဂိတ်ဟာ မွန်ပြည်သစ်ပါတီ နဲ့ ကေအန်ယူ ထိန်းချုပ်နယ်မြေဘက်ကို တဖက် လမ်းသွယ်ကနေ ဆက်သွယ်သွားလာရတဲ့ လမ်းလည်းဖြစ်ပြီး PDF တွေရဲ့ မကြာခဏ တိုက်ခိုက်ခံရတာလေ့ရှိပါတယ်။
အခုလို ရေးမြစ်ကူးတံတား စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးတာနဲ့ ပက်သက်ပြီး စစ်ကောင်စီရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။