ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွိုင်ဆမ်ဆစ်တောင်ခြေအနီးက မန်နောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား ဇူလိုင် ၂၅ ရက်နေ့က ဖြစ် ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ၃ နှစ်အရွယ် ကလေးငယ်တယောက် လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးသွားပါတယ်။
နီးစပ်သူတွေက “စစ်တပ်နဲ့ ကေအိုင်အေတိုက်ပွဲအတွင်းမှာ မန်နောင်ရွာသား ကလေးငယ်တစ်ဦးရဲ့ ခေါင်းကို လက်နက်ကြီးစ ထိမှန်လို့ ပထမဆုံး ကွတ်ခိုင်ဆေးရုံ ပို့တယ်။ မနိုင်လို့ လားရှိုးဆေးရုံ ထပ်ပို့တယ်။ ဒဏ်ရာက ပြင်းထန်တော့ အခု အသက်ဆုံးရှုံးသွားပြီ” ဆိုပါတယ်။
လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးသွားတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်ရဲ့ နာမည်ဟာ မိုင်းအိုက်ညမ်း ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ မန်နောင်ကျေးရွာဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်ပွားပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
“ရွာနဲ့ မလှမ်းမကမ်းမှာ နှစ်ဖက်စလုံးက စစ်ရေးလှုပ်ရှားနေတုန်ပဲ။ တိုက်ပွဲဖြစ်ပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှာတော့ မလိုလားဘူး”လို့ ကွတ်ခိုင်ဒေသခံတွေက ဆိုပါတယ်။
၂၀၁၁ ခုနှစ်ကတည်းက စတင်လို့ စစ်တပ်နဲ့ ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်တွေကြား ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။
ဆယ်စုနှစ်ကျော်ကြာ တိုက်ပွဲတွေအတွင်း ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိနေပြီး မိုင်းကြောင့် သေဆုံးဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် နေရပ်မပြန်နိုင်တော့တဲ့ စစ်ဘေးရှောင်ပြည်သူဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာလည်း သောင်းနဲ့ချီပြီး ရှိနေပါတယ်။