တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာမှာ ဇူလိုင် ၂၆ ရက်၊ မနက် ၂ နာရီခွဲလောက်က ကျူရှင်ဘော်ဒါဆောင်ပိုင်ရှင်တဦးနဲ့ ကုန်ဆုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
အဖမ်းခံရသူတွေကတော့ ကျူရှင်ဘော်ဒါဆောင်ပိုင်ရှင် ဆရာဦးညီမောင်ထွေး၊ ကုန်စုံဆိုင်ပိုင်ရှင် ဦးမောင်မောင်လွင်နဲ့ ဒေါ်ဇာဇာမြင့်တို့ ဖြစ်ကြပြီး ဘာလို့ အခုလို ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ မိသားစုဝင်တွေကလည်း မသိရှိကြသေးပါဘူး။
လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးထဲမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေအပါအဝင် ရဲတပ်ဖွဲ့ဝင်၊ ပျူစောထီးအဖွဲ့ဝင် အင်အား ၃၀ လောက်က ကားလေးစီးနဲ့ အခုလို လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဖမ်းခံရသူတွေကိုတော့ လောင်းလုံးမြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ရွာခံလူငယ်တဦးက "ရွာထဲဝင်လာတာကတော့ ကားလေးစီးပဲ၊ ပြီးမှ နှစ်စီးစီခွဲပြီး လိုက်ဖမ်းတာ၊ ခေါ်သွားတာကတော့ အေးအေးဆေးဆေးပဲ ခေါ်သွားတယ်လို့ကြားတယ်၊ မိသားစုဝင်တွေတော့ ဒီမနက် ရဲစခန်းလိုက်သွားကြတယ်" လို့ ပြောပါတယ်။
ဇူလိုင် ၂၅ ရက်ညကလည်း လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာနဲ့ မောင်းမကန်ကျေးရွာတို့က ပြည်သူနှစ်ဦးအား PDF ကို ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၄ ရက် မနက်ကလည်း လောင်းလုံးမြို့နယ်၊ ပညစ်ရွာမှ အလှူအိမ်ကိုကြွတဲ့ ကျောင်းထိုင် ဘုန်းတော်ကြီးတပါးနဲ့ ဒေသခံ ၆ ဦးတို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး မနေ့ကတော့ ဆရာတော်အပါအဝင် ၅ ဦးကို ပြန်လွှတ်ပေးလိုက်ကာ ကျန်တဦးရဲ့ အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လောင်းလုံးမြို့နယ်အတွင်း ဇွန် ၁၆ ရက်ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ပူးပေါင်းဖမ်းဆီးပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၂ ဦး ကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။