မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေအပါအဝင် မြန်မာနိုင်ငံသားတွေကို အာဏာသိမ်းစစ်တပ်က သေဒဏ်စီရင်မှုနဲ့ ပတ်သက်လို့ ဂျပန်အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဂျပန်နိုင်ငံက တစိုက်မတ်မတ် တောင်းဆိုနေတဲ့ ဖမ်းဆီးခံထားရသူ အကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ဂျပန် အစိုးရအဖွဲ့ ဒုတိယအတွင်းဝန် အီဆိုဇခိယိုရှိဟီကိုက ဒီနေ့ မွန်းလွဲပိုင်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျပန်နဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက သေဒဏ်မပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုနေတဲ့ကြားက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ နဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေတွေကို ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၅ ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဂျပန်က တစိုက်မတ်မတ် တောင်းဆိုနေတဲ့ အကျဉ်းသားများ ပြန်လွှတ်ပေးရေးကို လုံးဝဆန့်ကျင်တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို ဂျပန်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး မြန်မာလူထုရဲ့ စိတ်ဓာတ်တွေ၊ အမျိုးသားရေးတင်းမာလာကာ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ပိုမို အထီးကျန်စေနိုင်ခြင်းကြောင့် ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာစေနိုင်တာမို့ အထူးစိုးရိမ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလှုပ်ရှားမှုအတွက် အသက်ဆုံးရှုံးခဲ့ရသူအားလုံးရဲ့ မိသားစုတွေနဲ့ထပ်တူ အထူးဝမ်းနည်းကြောင်းလည်း ဂျပန်အစိုးရက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို အမြန်ပြန်လည်ထူထောင်ဖို့နဲ့ အာဆီဘံ ဘုံသဘောတူညီချက် ၅ ချက်ကို အမြန်အကောင်အထည်ဖော်ဖို့လည်း ဂျပန်အစိုးရက စစ်ကောင်စီကို တောင်းဆိုပါတယ်။
အခုလို တောင်းဆိုနေပေမဲ့ တဖက်မှာ ဇူလိုင် ၂၇ ရက်မှာကျင်းပဖို့ရှိနေတဲ့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားမှာ မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်ကိုတက်ရောက်ဖို့ ဂျပန်အစိုးရက ဖိတ်ထားတယ် ဆိုတဲ့ သတင်းထွက်ပေါ်နေပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နာရေးကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သာ တက်ရောက်လာခဲ့မယ်ဆိုရင် ဂျပန်ရောက်မြန်မာတွေရဲ့ ကြီးမားတဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရမယ်လို့ မြန်မာအရေးလူပ်ရှားသူတွေက ပြောထားပါတယ်။
စစ်ကောင်စီ အာဏာသိမ်းတာကို ထောက်ခံတဲ့ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝတနဘဲ ဟိဒဲအိုရဲ့ မြန်မာပြီခရီးစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးရုံးက အရာရှိတွေ အတူလိုက်ပါသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော်အမတ် အီရှိဘရှီရဲ့ မေးမြန်း မှုကိုတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည် ဖြေရှင်းပြောဆိုခြင်း မရှိသေးပါဘူး။