ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်လိုက်တာဟာ ပြည်သူတရပ်လုံးကို စိန်ခေါ်လိုက်တာ ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီးဖြစ်တယ်ဆိုတဲ့ဆိုတဲ့သတင်း မမျှော်လင့်ဘဲ ကြားသိလိုက်ရတာဟာ အေအေအဖွဲ့အစည်းသာမကပဲ မြန်မာပြည်သူတရပ်လုံးကိုလည်း များစွာထိတ်လန့်တုန်လှုပ်စေကြောင်းနဲ့ သေဒဏ်ကျခံရသူတွေရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ မြန်မာပြည်သူလူထုတရပ်လုံးနဲ့ထပ်တူ ဝမ်းနည်းခံပြင်းမိပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ရင်လေးမိကြောင်းလည်း ဖော်ပြလိုက်တာပါ။
ဒီလုပ်ရပ်သာ အမှန်တကယ် ဖြစ်ခဲ့ရင်တော့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတကာ အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ အာဆီယံအသိုင်းအဝိုင်းကနေ ကမကထပြု တိုက်တွန်းကူညီလုပ်ဆောင်ပေးနေတဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်မယ့် နိုင်ငံရေး အလားအလာ လမ်းစကောင်းတွေကို ရင့်သီးစွာ ခြေနဲ့ နင်းခြေဖျက်ဆီးပြလိုက်တာ ဖြစ်တယ်လို့လည်း အေအေထုတ်ပြန်ချက်ထဲမှာ သုံးသပ်ထားပါတယ်။
ဒါ့အပြင် ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို အကြမ်းဖက်စစ်ကောင်စီက ရက်စက်စွာ သေဒဏ်ပေးလိုက်ပေမယ့် သူတို့ ၄ ယောက်ထက် ပိုရဲရင့်ပြီး မြန်မာနိုင်ငံအပြောင်းအလဲအတွက် စွန့်လွှတ်စွန့်စားစိတ်တွေနဲ့အတူ နွေဦးတော်လှန်ရေးအတွက် ပိုပြီး အကျိုးပြုနိုင်မယ့် အနာဂတ်သူရဲကောင်းတွေ ထပ်မံပြီးတော့ မွေးဖွားလာဦးမယ်လို့ အေအေက အပြည့်အ၀ ယုံကြည်ကြောင်းလည်း ဖော် ပြလိုက်ပါတယ်။
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မတွေနဲ့စွပ်စွဲပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စစ်ကောင်စီခုံရုံးတွေကနေ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီသေဒဏ်ကို ပြီးခဲ့တဲ့ ဇွန်လမှာ စစ်ကောင်စီဘက်က အတည်ပြုခဲ့သလို အမှန်တကယ်သေဒဏ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
NUG နဲ့ CRPH တာဝန်ရှိသူတွေကတော့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်မပေးပဲ စစ်ကောင်စီက တဖက်သတ် သေဒဏ်စီရင်လိုက်တာဟာ လူသတ်မှုမြောက်ပြီး စစ်ကောင်စီအနေနဲ့ ဒီအကျိုးဆက်ကို ပြန်ခံစားရမယ်လို့ တုံ့ပြန် ပြောဆိုထားပါတယ်။