ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှာ ဇူလိုင် ၂၄ ရက် မနက် ၈ နာရီက စစ်ကောင်စီလက်အောက်ခံ စခန်းမှူး ရဲအုပ် ကျော်ဇင်ဝင်းကို ဈေးဝယ်သွားချိန် အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ရဲအုပ်ကျော်ဇင်ဝင်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး မြို့အနှံ့ နေရာယူကာ သွားလာနေတဲ့သူတွေကို စစ်ဆေးနေတာကြာင့် ဒေသခံတွေ စိုးရိမ်နေတဲ့အပြင် စျေးတွေနဲ့ ဆိုင်ခန်းတွေ ပိတ်ထားလိုက်ကြတယ်လို့ ဆိုပါတယ်။
စနဲမြို့ခံတဦးက “ဒီနေ့ မနက်ပိုင်း စနဲစခန်းမှူးဆိုသူ စျေးလာဝယ်ချိန် အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းတယ်လို့ သိရတယ်။ မြို့လမ်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတွေ ပိတ်ပြီး စစ်ဆေးတာတွေ တော့ရှိတယ်။ လတ်တလောတော့ ဖမ်းဆီးတာတော့ မကြားရသေးဘူး” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေဘက်ကတော့ ဒုရဲအုပ်ကို သူတို့ ဖမ်းဆီးသွားတယ်ဆိုတာမျိုး ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် (အေအေ) တို့ကြား စစ်ရေးတင်းမာနေချိန် စစ်ကောင်စီက ရခိုင်က မြို့နယ်အနှံ့မှာ စစ်အင်အားတိုးချဲ့တာတွေ၊ စစ်ရေးလှုပ်ရှားတာတွေနဲ့ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေသလို ရခိုင့်တပ်တော်အေအေကလည်း စစ်ကောင်စီတပ်ဖွဲ့တချို့ကို ပြန်လည်ဖမ်းဆီးတာတွေ ရှိလာ နေပါတယ်။