ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှာ တပ်စခန်းတိုးချဲ့တည်ဆောက်ဖို့ နယ်ခြားစောင့်တပ်(BGF)က ဒေသခံပြည်သူတွေဆီကနေ သစ်လုံးတွေကို အတင်းအဓမ္မတောင်းယူခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၇ ရက်က အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ်(BGF) လက်အောက်ခံတပ်ဖွဲ့ဝင်တွေက သစ်လုံးတွေကို ကျုံမသွယ်ကျေးနယ်အုပ်စု၊ ဘန့်ဘွေးကုန်း၊ ရွှေလူနဲ့ တော်သလေးခိုကျေးရွာတွေ က ဒေသခံပြည်သူတွေဆီကနေ အတင်းအဓမ္မတောင်းယူခဲ့တာလို့ ဆိုပါတယ်။
၂ ထွာပတ်လည်၊ အရှည် ၆ တောင်ရှိတဲ့ သစ်လုံးတွေကို တစ်အိမ်ထောင် သစ်တစ်လုံးပေးဖို့ BGF က တောင်းခံခဲ့သလို အရင်ကလည်း သစ်၊ ဝါးတွေ အကြိမ်ကြိမ်တောင်းခံခဲ့ရာ စုစုပေါင်း ၄ ကြိမ် ရှိပြီလို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို BGF တပ်ဖွဲ့ဝင်တွေကို ကြောက်လန့်နေရတဲ့အတွက် ခိုင်းတဲ့အတိုင်း သစ်တွေ ကို သွားရောက်ပို့ဆောင်ပေးခဲ့ရပါတယ်။
စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေကို အမျိုးမျိုး ခြိမ်းခြောက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ အတင်းအဓမ္မခိုင်းစေတာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ လူသာားဒိုင်းအဖြစ်အသုံးပြုတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ကေအန်ယူက ထုတ်ပြန်ထား ပါတယ်။