စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဇူလိုင် ၂၂ ရက်က ကင်မွန်းခြုံကျေးရွာအနီး နင်းမိုင်း ပေါက်ကွဲမှုကြောင့် PDF Kalay တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး PDF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကင်မွန်းခြုံကျေးရွာကို ဝင်ရောက်ကာ နေအိမ်တွေအား မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာမှထွက်ခွာသွားပြီးနောက် ရွာအနီးဝန်းကျင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေ မိုင်းရှင်းလင်းရေးလုပ်စဉ် ပေါက်ကွဲမှုကြောင့် PDF Kalay တပ်ရင်း(၂)က ရဲဘော်တဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ကစ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ် အဖွဲ့တွေက စစ်ကောင်စီစစ်ကြောင်းအား အသင့်စောင့်ဆိုင်းတိုက်ခိုက်တာနဲ့ မိုင်းဆွဲတိုက်ခိုက်တာ ကြောင့် စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးတယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ကင်မွန်းခြုံရွာကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။