Home
မြန်မာသတင်း
ကန်ပက်လက်မြို့မရဲစခန်းမှ ရဲတပ်သားတဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ
DVB
·
July 21, 2022
294878511_163207112950660_5947582947065303641_n

ချင်းပြည်နယ် ကန်ပက်လက်မြို့မရဲစခန်းက ရဲတပ်သားတယောက် လက်နက်ခဲယမ်းအပြည်စုံနဲ့ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ CDF-ကန်ပက်လက်က ဇူလိုင် ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့မရဲစခန်းက ကိုယ်ပိုင်အမှတ် လ/၂၅၅၈၆၃ ရဲတပ်သားပြည့်ဆန်းနောင်ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တာကြောင့် ဇွန်လ ၂၃ ရက်နေ့မှာ CDF-ကန်ပက်လက်ကို ဆက်သွယ်လာတာကြောင့် သွားခေါ်ခဲ့တာလို့ CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုရှိန်းထန်းက ဒီဗွီဘီကို ပြောပါတယ်။

ရဲတပ်သားပြည့်ဆန်းနောင်မှာ G3 သေနတ်တလက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည်ဆန် ၁၈၀ ပါလာတာကြောင့် CDF-ကန်ပက်လက်က ဂုဏ်ပြုဆုငွေ သိန်း ၆၀ ကျပ်ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့  ဆိုပါတယ်။

“သူက ကျနော်တို့ကန်ပက်လက်မြို့မှာ အယင်ကတည်းက တာဝန်ကျနေတာဖြစ်ပြီး CDM ပြုလုပ်ဖို့ ကြိုးစားပေမယ့် အထက်လူကြီးတွေက တင်းကြပ်ထားလို့ အကြောင်းအမျိုးမျိုးကြောင့် ကြာသွားပြီး အဆင်ပြေတဲ့အချိန်မှာ ကျနော်တို့တပ်ဖွဲ့နဲ့ ဆက်သွယ်ပြီး ထွက်လာတာ” လို့ တပ်မဟာမှူးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024